Published 15 March 2022

၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူမည့် ဆရာတော်ကြီးများကို နေ့ဆွမ်းဆက်ကပ်လှုဒါန်းပွဲ မတ်၁၄ရက် နံနက်က နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး ပရိဝုဏ်အတွင်းရှိ သာသနာ့ မဟာဗိမာန်  တော်ကြီးမှာ ကျင်းပခဲ့ပါတယ်။

အဲဒီအခမ်းအနားကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာနနာယက ဆရာတော်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင်မြို့ မင်းကျောင်းပထမပြန် စာသင်တိုက် ပဓာနနာယက ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာ ဘိဝံသနှင့် ၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ကော်ရော်အပူဇော်ခံတော်မူကြမည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူခဲ့ကြတယ်လို့  MOI ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီအခမ်းအနားမှာ နစကဥက္ကဋ္ဌနှင့်ဇနီး၊ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊နစကအဖွဲ့ဝင်တွေနှင့် နစကအစိုးရအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပြီး ဆရာတော်ကြီးများနှင့် ဘွဲ့တံဆိပ်တော်ဆက်ကပ်အပူဇော်ခံကြမယ့် ဆရာတော်၊သံဃာတော်များနှင့် သီလရှင်ဆရာကြီးတွေကို  လှူဖွယ်ပစ္စည်းတွေနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ရရှိသည့် ပြည်တွင်း/ ပြည်ပမှ ရဟန်း ၂၈၄ ပါး၊ သီလရှင် ၄၁ ပါးနှင့် လူပုဂ္ဂိုလ် ၂၈ ဦးတို့အနက် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၉ ပါး၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၈ ပါး၊ အဂ္ဂမဟာ ပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၁၈ ပါး၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့ တံဆိပ်တော်ရ ဆရာတော်ကြီး ၂၃ ပါး၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်‌တော်ရ သီလရှင်ဆရာကြီး ၃ ပါး၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၄၁ ပါး၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ ရဟန်း ၆ ပါး၊ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ် ရလူပုဂ္ဂိုလ် ၁ ဦးနှင့် အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ် ၂ ဦး၊ စုစုပေါင်း ၁၁၁ ပါး/ဦးတို့ အား သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲကို ၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့်(၂၀၂၂ ခုနှစ်၊ မတ်လ ၁၆  ရက်) ဗုဒ္ဓဟူးနေ့၊ မွန်းလွဲ  ၁ နာရီတွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပသွားမယ်လို့သတင်းရရှိပါတယ်။