#LocalNews
Published - 14 March 2022

 

ယနေ့ကာလတွင် စားအုန်းဆီစျေးမှာ တစ်ပိဿာလျှင် ကျပ် ၈,၀၀၀ ကျော်အထိ စျေးမြင့်တက်လာမှုကြောင့် ရောင်းသူ/ဝယ်သူ အခက် တွေ့နေရတယ်လို့ စျေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။

 

"တစ်ပိဿာကို ၈,၀၀၀ ဖြစ်နေတယ်။ ကျွန်တော်တို့လည်း ဝယ်သူတွေကို ဘယ်လိုပြောရောင်းရမှန်းမသိဘူး။ အားလည်းနာတယ် ရောင်းရတာ အရင်က တစ်ဆယ်သားမှ ၂၀၀/၃၀၀ ရှိတာလေ၊ အခုက တစ်ဆယ်သားကိုတစ်ထောင်လောက် ရောင်းရမလိုဖြစ်နေတယ်။

 

ပြောရရင် ကုန်စျေးနှုန်းတွေက အတော်လေးတက်လာတယ်။ ရယ်ဒီမိတ်ဆီတွေဆိုလည်း အဲ့လိုပဲ စျေးတွေကထိုးတက်နေတယ်။ အရင်က ၅၀ သားဘူး ၂,၄၀၀/ ၂,၆၀၀ လောက်ရောင်းရတဲ့ဆီက အခုဆိုရင် ၃,၈၀၀/ ၄,၈၀၀ လောက်အထိ စျေးတက်လာတယ်။ ရောင်းရတာလည်း အဆင်မပြေ ဝယ်သူတွေကလည်း စျေးမြင့်လာလို့ အဆင်မပြေနဲ့ ဖြစ်နေတာပေါ့။"လို့ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောပြခဲ့ပါတယ်။

 

လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ စားအုန်းဆီတစ်ပိဿာကို ကျပ် ၂,၀၀၀ သာရှိခဲ့ပေမယ့် ၂၀၂၁ ခုနှစ်မှာ ကျပ် ၄,၀၀၀ အထက်ကိုရောက်ရှိခဲ့ပြီး ယခု ၂၀၂၂ ခုနှစ် အတွင်းမှာတော့ စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၈,၀၀၀ ကျော်အထိ ပေါက်စျေးရှိလာခဲ့တာဖြစ်ပါတယ်။

 

ယခု ၂၀၂၂ ခုနှစ်မှာ ဆီလုပ်ငန်းရှင်အသင်းရဲ့ ရည်ညွှန်းဆီဈေးနှုန်းဟာ လက်လီပုံးဆွဲရောင်းဈေးကို ၅,၅၅၀ ကျပ်ရှိလာတာကြောင့် ဈေးကွက်အတွင်း ကျပ် ၈,၀၀၀ အထက် ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းချလာကြတာဖြစ်ပါတယ်။

 

"ကုန်စျေးနှုန်းက အကုန်တက်နေတာပါပဲ။ ပြောရရင် မတက်တာက လစာပဲရှိတယ်။ အခုကျွန်မတို့ရပ်ကွက်ထဲမှာဆိုရင် ရိုးရိုးစားဆီက ၉,၀၀၀ လောက်စျေးပေါက်တယ်။ ပဲဆီစျေးနှုန်းက ၁၀,၀၀၀ အထိ ပေးဝယ်နေရတယ်။ ကုန်စျေးနှုန်းတက်တော့ ရတဲ့လုပ်အားခနဲ့ မိသားစုစရိတ်က ဘယ်လိုမှ မကာမိဘူးပေါ့။ နေ့စဥ် စားဝတ်နေရေးကိုပဲ အလျင်မီအောင် မနည်းလုပ်နေရတဲ့ အနေအထားပါ။"လို့ ဒလမြို့နယ်အတွင်းမှာနေထိုင်တဲ့ ပြည်သူတစ်ဦးက ကုန်စျေးနှုန်းမြင့်တက်လာမှုအပေါ် ၄င်း၏ စိတ်ခံစားမှုကို အခုလိုပြောပြခဲ့ပါတယ်။

 

မြန်မာနိုင်ငံရဲ့ စားအုန်းဆီတင်သွင်းမှုက ပြည်တွင်းစားသုံးမှုရဲ့ ၇၀ ရာခိုင်နှုန်းမှာ ပြည်ပကနေဝယ်ယူနေရပြီး အများစုကို မလေးရှား၊ အင်ဒိုနီးရှား စတဲ့ စားအုန်းဆီထုတ်လုပ်တဲ့ နိုင်ငံတွေထံကနေ ဝယ်ယူတင်သွင်းနေရဖြစ်ပါတယ်။

 

ကမ္ဘာ့ဈေးနှုန်းမှာလည်း ယခုနှစ် ဇန်နဝါရီလအတွင်း စားသုံးဆီတစ်တန်ကို ပျမ်းမျှ ၁,၄၀၇ ဒေါ်လာရှိပြီး ဖေဖော်ဝါရီလ ပထမပတ်အတွင်း ပျမ်းမျှ ၁,၅၅၀ ဒေါ်လာကနေ အခုနောက်ပိုင်း ပျမ်းမျှအနေနဲ့ ၁,၆၄၀ ဒေါ်လာခန့်အထိ တဖြည်းဖြည်းမြင့်တက်လာတဲ့
အတွက် ကမ္ဘာ့စားသုံးဆီဈေးနှုန်း မြင့်တက်လာတာနဲ့အတူ ပြည်တွင်းစားသုံးဆီတွေပါ မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။

 

ymg/kg
#Yangon_Media_Group