#Local_Health
Published_ 14 March 2022

 

မြန်မာနိုင်ငံက ပြည်တွင်းထုတ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား Myancopharm အမည်ဖြင့် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ မြန်မာ့ဆေးဝါးလုပ်ငန်းက အဲဒီအမည်နှင့် ပြည်တွင်းထုတ် ကိုဗစ်ကာကွယ်ဆေးအဖြစ် ထုတ်လုပ်မှာဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းစာတွင် ဒေါက်တာအောင်ဇော် (စက်မှု/ဆေးဝါး) က ဆောင်းပါးရေးသားထားတာဖြစ်ပါတယ်။

 

မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေးအတွက် စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်းအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Sinopharm CNBG ဆေးဝါးကုမ္ပဏီနှင့်ပူးပေါင်း၍ ပြည်တွင်း၌ ကာကွယ်ဆေး ထုတ်လုပ်နိုင်ရန် ကြိုပမ်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။

 

ပြည်တွင်း၌ ကာကွယ်ဆေးထုတ်လုပ်နိုင်ရန်အတွက် တရုတ်နိုင်ငံဆေးဝါးစက်ရုံနှင့် ညှိနှိုင်းဆွေးနွေးခြင်းကို ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ဆောင်ရွက်ခဲ့ပါတယ်။ Myancopharm ကာကွယ်ဆေးတစ်ပုလင်းလျှင် လူငါးဦးထိုးနှံနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

 

ကာကွယ်ဆေးအား Fill/Finish အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် ကာကွယ်ဆေးထုတ်လုပ်မှု နည်းပညာများကို လွှဲပြောင်းရုံသာမက တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပညာရှင်နှစ်ဦးဟာ မြန်မာနိုင်ငံသို့လာရောက်ပြီး ကာကွယ်ဆေးထုတ်လုပ်မှု နည်းပညာများကို သင်ကြားလေ့ကျင့်ပေးခြင်းနှင့် ထုတ်လုပ်မှုကို ကြီးကြပ်ကွပ်ကဲခြင်းများ ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

 

ထို့အပြင် ထုတ်လုပ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ၏ အရည်အသွေးအား ဓာတ်ခွဲစမ်းသပ်နိုင်ရန်အတွက် လေ့ကျင့်သင်ကြားပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည့်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ၏ အာနိသင်အား စမ်းသပ်နိုင်တော့မည်ဟု သိရပါတယ်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အောင်မြင်စွာထုတ်လုပ်နိုင်ရေးအတွက် နိုင်ငံတော်က စက်မှုဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ သုတေသီပညာရှင်များပါဝင်သော ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများကို ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

 

#ymg_mnn
#Yangon_Media_Group