#LocalNews
Published_14 March 2022

 

ဟင်းသီးဟင်းရွက်တင်ဆောင်လာသော ၆ ဘီး ထရပ်ယာဉ်တစ်စီးပေါ်တွင် ပုန်းအောင်းလိုက်ပါလာသော မြန်မာ ၅၃ ဦးကို ထိုင်းနိုင်ငံ မဲ့ဆောက်တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

 

မဲဆောက်မြို့အထွက် တာ့ခ်ခရိုင်အတွင်း ဘန်ကောက်ဘက်ကို မောင်းသည့် လမ်းကြောင်းပေါ်ရှိ မဲ့ဆောက် ၊ မဲ့ပခရိုင် ၊ ဗန်းဟွေးဟင်ဖုံရွာ ထနွန်စိုင်တတ်လမ်း စစ်ဆေးရေးဂိတ်တစ်နေကာတွင် ဂေါ်ဖီထုပ်အပါအဝင် ကုန်စိမ်းများတင်လာသည့်ယာဉ်အတွင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးနှင့် ရဲတပ်ဖွဲ့က ယနေ့ မတ်လ ၁၄ ရက် နံနက်အစောပိုင်းက ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုင်းနိုင်ငံသား အသက် ၃၃ နှစ်အရွယ် ယာဉ်မောင်း၏ ဘေးထိုင်ခုံတွင် မြန်မာနိုင်ငံသားတစ်ဦးစစ်ဆေးတွေ့ရှိပြီးနောက် ဆက်စပ်ရှာဖွေမှုလုပ်ဆောင်ရာ ကုန်စိမ်းများအကြား ပုန်းအောင်း၍လိုက်လာသည့် အဆိုပါ အထောက်အထားမဲ့မြန်မာလုပ်သား အမျိုးသား (၃၁) ဦးနှင့် အမျိုးသမီး (၂၂)ဦးကို တွေ့ရခြင်းဖြစ်ပြီး ယင်းတို့မှာ အသက်ရှူမွန်းကြပ်လောက်သည်အထိ ဆိုးဝါးသည့်အနေအထားဖြစ်ခဲ့ကြကြောင်း၊ယင်းတို့မှာ ပွဲစားများအား လူတစ်ဦးလျှင် ထိုင်းဘတ်ငွေ ၂၅,၀၀၀ မှ ဘတ် ၃၀,၀၀၀ ခန့်ထိပေး၍ လာရောက်ကြသူများ ဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် နှစ်ပတ်ခန့်ကလည်း အဆိုပါ မဲဆောက်အထွက် တာခ့်ခရိုင်အတွင်းရှိ ဘန်ကောက်အတက်လမ်း စစ်ဆေးရေးဂိတ်တွင် ကုန်စိမ်းကားအတွင်း ပုန်းအောင်းလိုက်လာသည့် မြန်မာလုပ်သား ၁၅ ဦး ဖမ်းဆီးခံခဲ့ရသေးကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group