#LocalNews
Published - 12 March 2022

 

ချင်းပြည်နယ်အတွင်း ဇိန်မှုတောင် အမျိုးသားဥယျာဉ်နဲ့ မီအေပီ၊ ရဟူတူ၊ လှိမ်ရောမ်း အမျိုးသားဥယျာဉ်အဖြစ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက သတ်မှတ်လိုက်ကြောင်း ကြေညာထားပါတယ်။

 

အသစ်သတ်မှတ်လိုက်တဲ့ ဥယျာဉ်အသစ်နှစ်ခုထဲက မီအေပီ၊ ရဟူတူ၊ လှိမ်ရောမ်း အမျိုးသားဥယျာဉ်ဟာ ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်အတွင်းရှိ ဧရိယာ ၁၂,၃၄၁ ဒဿမ ၈ ဧကကို ၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်နေ့မှ စတင်သတ်မှတ်ကြောင်း ကြေညာလိုက်တာပါ။

 

မီအေပီတောင်ဟာ ထင်ရှားတဲ့ ကျောက်တောင်ကြီးဖြစ်ပြီး ထန်တလန်မြို့မှ ၂၃ မိုင်နီးပါးအကွာမှာ တည်ရှိပြီး ထန်တလန်-ဟရီဖီး-ဝေါင်သူး ကားလမ်းနဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ကားလမ်းပေါက်ပြီး ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်တွေ ဝင်ထွက်သွားလာအပန်းဖြေနိုင်တဲ့ နေရာဖြစ်ပါတယ်။

 

ဒါ့အပြင် အောက်ချင်းငှက်တို့ သားပေါက်ရာဒေသဖြစ်ပြီး ထူးခြားတဲ့ ဘူမိရုပ်သွင်တွေရှိတာကြောင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းများစွာရရှိနိုင်မှာဖြစ်တဲ့အတွက် အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ကြေညာလိုက်တာလို့ ဆိုပါတယ်။

 

ဇိန်မှုတော်အမျိုးသားဥယျာဉ်ဟာဆိုရင်လည်း ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်နဲ့ ဖလမ်းခရိုင်၊ ဖလမ်းမြို့နယ်အတွင်းရှိ ဧရိယာ ၉,၉၈၄ ဒဿမ ၂၈ ဧကကို ၂၀၂၂ ခုနှစ် မတ်လ ၁၁ ရက်မှ စတင်သတ်မှတ်ကြေညာလိုက်ပါတယ်။

 

ဇိန်မှုတောင်သည် ကွန်သဲချောင်းမကြီး အဓိကရေဝေရေလဲဧရိယာဖြစ်တာ၊ သဘာဝတောရိုင်းတိရစ္ဆာန်များ နေထိုင်ကျက်စားတဲ့ ဧရိယာဖြစ်တာ၊ ဇီဝမျိုးစုံမျိုးကွဲတွေ တည်ရှိရာဒေသဖြစ်တာ၊ ဘူမိရူပသွင်ပြင်ထူးခြားမှုရှိတာ၊ စည်းကမ်းမဲ့တရားမဝင်အမဲလိုက်တာကို အချိန်မီထိန်းသိမ်းကာကွယ်ဖို့ လိုအပ်တာတို့ကြောင့် ကာကွယ်ထိန်းသိမ်းဖို့ရည်ရွယ်ပြီး အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ဖွဲ့စည်းတာလို့ သိရပါတယ်။

 

မြန်မာနိုင်ငံမှာ အမျိုးသားဥယျာဉ်အဖြစ် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်၊ လှော်ကားအမျိုးသားဥယျာဉ်၊ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်၊ အင်ခိုင်ဘွမ်အမျိုးသားဥယျာဉ်၊ လန်ပိကျွန်းအမျိုးသားဥယျာဉ်၊ နတ်မတောင်အမျိုးသားဥယျာဉ်၊ ပုပ္ပါးတောင်အမျိုးသားဥယျာဉ်၊ တနင်္သာရီ အမျိုးသားဥယျာဉ်၊ လေညာအမျိုးသားဥယျာဉ်၊ နံ့သာကျွန်းအမျိုးသားဥယျာဉ်တို့ ဖြစ်ပါတယ်။

 

ymg/ei
#Yangon_Media_Group