ရန်ကုန် ဩဂုတ်၄-
ကိုဗစ်-၁၉ ဖြစ်ပွားနေသည့်အချိန်တွင် အခြားကုန်စည်ဈေးနှုန်းမြင့်မားမှုမဖြစ်ပေါ်စေရေးနှင့် ဖြစ်သင့်သည့်ဈေးနှုန်းတစ်ခုတွင် နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်မှုရရှိစေရေးအတွက် ညွှန်ကြားချက်တစ်ခုကို ပြင်ဆင်ထုတ်ပြန်မယ်လို့ ဗဟိုဘဏ်ကပြောပါတယ်။
 
ယမန်နေ့က ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က မြန်မာနိုင်ငံမှာရှိတဲ့ ပြည်တွင်းဘဏ်၂၄ဘဏ်၊နိုင်ငံခြားဘဏ် ၂၀အပါအဝင် နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားခွင့်လိုင်စင်ရထားသည် ဘဏ်တွေက အကြီးတန်းအရာရှိတွေနှင့် အွန်လိုင်းအစည်းအဝေးတစ်ရပ်ကျင်းပခဲ့ရာမှာ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌဦးဝင်းသော်က အထက်ပါအတိုင်းပြောဆိုခဲ့တာဖြစ်တယ်လို့ နိုင်ငံပိုင် သတင်းစဉ် ရဲ့သတင်းမှာ သတင်းဖော်ပြထားပါတယ်။
 
“ ယခင်က နိုင်ငံခြားငွေ ဝယ်ယူ၊ရောင်းချ၊လဲလှယ်ခြင်းများ ဆောင်ရွက်ရာတွင် ရောင်းဈေးနှုန်းနှင့် ဝယ်ဈေးနှုန်း အကြား ကွာဟချက် (Spread) အား ၁ ရာခိုင်နှုန်းထက်မပိုစေဘဲ သတ်မှတ်ဆောင်ရွက်ခြင်းအစား ရည်ညွှန်းငွေ လဲလှယ်နှုန်းအား Mid rate အဖြစ် သတ်မှတ်၍ ၀ ဒသမ ၈ ရာခိုင်နှုန်း ဘောင်အတွင်းသာ အတိုးအလျှော့ လုပ် ရောင်းဝယ်မှုပြုကြဖို့ ညွှန်ကြားချက် ပြင်ဆင်ထုတ်ပြန်မယ်” လို့ ဦးဝင်းသော်က ဘဏ်အရာရှိကြီးတွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။
 
နိုင်ငံခြားငွေ ဈေးနှုန်းမြင့်မားလာမှာကို ဘဏ်တွေက ဝိုင်းဝန်းထိမ်းသိမ်းဖို့ ညွှန်ကြားထားပေမယ့် ဈေးနှုန်းတွေက မြင့်မားလာဆဲဖြစ်နေတာကိုတွေ့ရကြောင်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်မားမှုဟာ နိုင်ငံရဲ့ နိုင်ငံရေးနှင့် စီးပွားရေးတည်ငြိမ်မှုကို ထိခိုက်စေနိုင်တဲ့အတွက် အလွန်အရေးကြီးတယ်လို့ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့တယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။
 
ယနေ့အမေရိကန်ဒေါ်လာ နောက်ဆုံးပေါက်ဈေးမှာ အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၁၆၆၁(ဝယ်)၊၁၆၆၅ (ရောင်း)ရှိနေတာ ဖြစ်ပါတယ်။