#LocalNews
Published - 4 Mar 2022

မန္တလေးမြို့တွင် ဆိုင်ကယ်လုယက်ခံရမှုဖြစ်စဥ်တွေ ပြန်လည်ဖြစ်ပွားနေတယ်လို့ အဆိုပါမြို့တွင်နေထိုင်သူများထံမှ သိရပါတယ်။

 

ယမန်နေ့(မတ်လ ၃)ရက်၊ ည ၉ နာရီကျော်အချိန်ခန့်က ချမ်းမြသာစည်မြို့နယ်၊ လမ်း ၆၀ ၊ ၁၀၇ လမ်းနှင့် ၁၀၈ လမ်းကြားတွင် အသက် (၅၃)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးစီးနင်းလာတဲ့ စကီုဖီးအမဲရောင်ဆိုင်ကယ်တစ်စီးကို အမည်မသိအဖွဲ့တစ်ဖွဲ့က အကြမ်းဖက် လုယက်ခဲ့ကြတာဖြစ်ပါတယ်။

 

အဆိုပါ စကီုဖီးဆိုင်ကယ်မောင်းနှင်လာသူအား လုယက်သူများက ဦးခေါင်းအားတုတ်နှင့်ရိုက်ပြီး ရင်ဘတ်နှင့် ပခုံး၊ နောက်ကျောတို့တွင် ဓါးနှင့်ထိုးကာ ဆိုင်ကယ်နှင့်ဖုန်းအား လုယူသွားခဲ့ခြင်းဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

 

ယင်းဖြစ်စဥ်ကြောင့် ဒဏ်ရာရရှိခဲ့သူကို ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့တွေရဲ့ လူနာတင်ယာဥ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရတာပါ။

 

"မန္တလေးမှာ လုယက်မှုတွေက ဖြစ်နေတာပါ။အပြင်သွားရင် အတော်လေးသတိထားနေရတယ်။ အဓိက ညပိုင်းတွေမှာ ပိုပြီးသတိထားရတာပေါ့။ ပြောရရင် ဆိုင်ကယ်လုယက်မှုတွေက မြို့မှာ ခဏခဏ ဖြစ်နေတာပါ။"လို့ မန္တလေးမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

 

ပြီးခဲ့တဲ့ နှစ်တုန်းကလည်း မန္တလေးမြို့မှာ ဆိုင်ကယ်လုယက်မှုဂိုဏ်းတွေ အများအပြားပေါ်ပေါက်ခဲ့ပြီး ဆိုင်ကယ်လုယက်ခံရသည့် ဖြစ်စဥ်တွေလည်း အများအပြားရှိခဲ့ကာ လုယက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြားရှိခဲ့တာဖြစ်ပါတယ်။

 

ဒါ့အပြင် မန္တလေးမြို့မှာနာမည်ကြီးတဲ့ လူ ၆ ဦးပါ ဆိုင်ကယ်လုယက်မှုဂိုဏ်းတစ်ခုကိုတော့ ရဲတပ်ဖွဲက စုံစမ်းဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါတယ်။

 

သို့သော်လည်း ဆိုင်ကယ်လုယက်ခံရမှုတွေက ယခုကာလမှာ ပြန်လည်ဖြစ်ပွားနေခြင်းဖြစ်တယ်လို့ မန္တလေးမြို့တွင် နေထိုင်သူများက ဆိုပါတယ်။

 

"သူတို့က အသေခုတ် အသေလုပဲ ။ ဆိုင်ကယ်ကို လုယက်တာသပ်သပ်မဟုတ်ဘဲ။ လူကိုပါ ဓါးနဲ့အသေခုတ်ကြတာ"လို့ ၄င်းက ဆက်လက်ပြောပြခဲ့ပါတယ်။

 

ဒါကြောင့် မန္တလေးမြို့သူ/မြို့သားတွေအနေနဲ့ ပြင်ပသို့သွားလာပါက အထူးဂရုစိုက်သွားလာကြဖို့ကိုလည်း ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့က အသိပေးနှိုးဆော်ထားကြပါတယ်။

 

Photo - CJ

ymg/kg
#Yangon_Media_Group