#LocalNews
Published - 4 Mar 2022

 

ကချင်ပြည်နယ်၊ ပူတာအိုဒေသရှိ စစ်ဘေးဒုက္ခသည်များအနေနဲ့ အကူအညီများစွာလိုအပ်နေတယ်လို့ သိရပါတယ်။

 

အဆိုပါ စစ်ဘေးရှောင်ပြည်သူများဟာ ပူတာအိုမြို့နယ်အတွင်းရှိ ဆွမ်ပီယန်ကျေးရွာ၊ လုံရှာယန်ကျေးရွာနှင့် အင်စီယာန်ကျေးရွာတို့မှ ဒေသခံပြည်သူများဖြစ်ပြီး တိုက်ပွဲကြောင့် တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေရသူများဖြစ်ပါတယ်။

 

လက်ရှိမှာ စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာနှင့် ခိုလှုံရန်အမိုးအကာနေရာထိုင်ခင်း အခက်အခဲဖြစ်နေတယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

 

"စစ်ဘေးရှောင်တွေက ရှိနေဆဲပဲလေ။ သူတို့က တိုက်ပွဲတွေကြောင့် ရွာမှာနေလို့ မရဘူး။ တိုက်ပွဲတွေကြောင့် နီးစပ်ရာတောထဲ တောင်ထဲမှာ ဝင်ခိုလှုံနေရတယ်။ တချို့တွေကျတော့လည်း ကတုတ်ကျင်းတွေထဲ ပုန်းနေကြရတာပေါ့။ ပြောရရင် စစ်ဘေးရှောင်ရင်း တောထဲ တောင်ထဲမှာ ဒုက္ခရောက်နေတဲ့သူတွေက အများကြီးရှိနေကြတာပါ။ အဓိကက စားစရာနဲ့ အမိုးအကာတွေလိုအပ်နေတာပါ။"လို့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူများက အခုလို ပြောပြခဲ့ပါတယ်။

 

ပူတာအိုမြို့နယ် အင်စီယာန်ကျေးရွာအနီးရှိ ရှိန်ဂတ်ဘွမ်ရွာတွင် တပ်မတော်နှင့် ကေအိုင်အေတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားနေခြင်းလည်း ဖြစ်ပါတယ်။

 

အဆိုပါတိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှစလို့ ပူတာအိုမြို့နယ် ဆွမ်ပီယာန်၊ လုံရှာယာန်၊ အင်စီယာန်စသည့် ကျေးရွာများမှ ဒေသခံ ပြည်သူ ၆,၀၀၀ ခန့်က ထွက်ပြေးတိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။

 

Photo - CJ

ymg/kg
#Yangon_Media_Group