#LocalNews
Published_ 1 March 2022
တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၂ ခုနှစ် မတ်လ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်ရပ်စဲလိုက်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါထုတ်ပြန်ချက်တွင် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိစေရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍လည်းကောင်း၊ မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍လည်းကောင်း မြန်မာ နိုင်ငံတစ်ဝန်းလုံး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ယန္တရားများအား နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၂ ခုနှစ်၊ မတ်လ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့် ရပ်စဲလိုက်ကြောင်း ဖော်ပြထားပါတယ်။

တပ်မတော်အနေဖြင့် ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တနေသည့် ငြိမ်းချမ်းရေးပန်းတိုင်ကို ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းဟူသည့် ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ လျှောက်လှမ်းကြရမည်ဖြစ်ပါသဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် သက်ဆိုင်သူများ အားလုံးအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်တွေ့ကျကျ တိုးမြှင့်အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှပါဝင်ဆောင်ရွက်နိုင်ကြပါရန် မေတ္တာရပ်ခံထားပါတယ်။

တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှစ၍ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်မှုပေါင်း အကြိမ် ၂၀ ပြုလုပ်ပေးခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပေးခဲ့ကြောင်း သိရပါတယ်။ နစက အနေဖြင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ NCA အတိုင်း အလေးထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတယ်လို ကြေညာချက်မှာဖော်ပြထားပါတယ်။

ymg-mnn
#Yangon_Media_Group