#LocalNews
Published -22 Feb 2022

 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်းအတွင်းရှိ ပုဂ္ဂလိကရှေးဟောင်းပြတိုက် ဇေကမ္ဘာ Museum သို့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံအမတ်များ ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်တွင် လာရောက်လေ့လာခဲ့ကြကြောင်း သိရသည်။

 

"ရုရှားသံအမတ်ကြီးက ဦးဆောင်ပြီးတော့ လာကြတာဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံသံအမတ်ကြီး၊အင်ဒိုနီးရှားသံရုံးယာယီတာဝန်ခံ၊ကမ္ဘောဒီးယားသံအမတ်ကြီး၊ထိုင်းနိုင်ငံသံအမတ်ကြီး၊မလေးရှားသံအမတ်ကြီး၊ဘရူနိုင်းသံအမတ်ကြီး၊ဆော်ဒီနိုင်ငံ သံအမတ်ကြီးနဲ့ ဒုတိယသံအမတ်ကြီးတို့ လာကြတာပါ။ပြတိုက်မှာ ပြသထားတဲ့ ရှေးဟောင်းလက်ရာတွေ၊ရှေးဟောင်းပစ္စည်းတွေကို စိတ်ဝင်စားကြတယ်"ဟု အဆိုပါ ပြတိုက်တာဝန်ရှိသူက YMG ကို ပြောသည်။

 

ဇေကမ္ဘာ Museum မှာ မြန်မာနိုင်ငံတွင် ပထမဆုံး ပုဂ္ဂလိကရှေးဟောင်းပြတိုက်ဖြစ်ပြီး ပြတိုက်၏ မြေညီထပ်တွင် နှစ်သန်းပေါင်းများစွာက ကမ္ဘာလိပ်များ၏ ကျောက်ဖြစ်ရုပ်ကြွင်းများ၊ ပုံတောင်ပုံညာ လူသားဖြစ်စဉ်ပြကွက်ဖြစ်သည့် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ပျူခေတ်တို့တွင် လူသားများ ရှင်သန်နေထိုင်ပုံပြကွက်များ၊ ခေတ်အလိုက်အသုံးပြုခဲ့ကြသည့် လက်နက်နှင့် အသုံးအဆောင်ပစ္စည်းများကို ပြသထားသည်။

 

ယင်းအပြင် ကြေးခေတ်က လူ့အလောင်း ၂ လောင်း ၊ ပျူခေတ်က လူ့အလောင်း ၁ လောင်းတို့ကိုလည်း ပြကွက်တစ်ခုအဖြစ် သီးသန့်ပြသထားကြောင်း၊ဆင် ၅ မျိုးပြခန်း၊ မိကျောင်း ကျောက်ဖြစ်ရုပ်ကြွင်းပြခန်း၊ တောင်ဆိတ် ဦးချိုပြခန်း၊ လိပ်၊ ခရု စသည့် ရေသတ္တဝါ ကျောက်ဖြစ်ရုပ်ကြွင်းပြခန်းများနှင့် ကမ္ဘာ့ ပယင်းလောကတွင် ဘားမိုက် (Burmite) ဟု နာမည်ကျော်ကြားသည့် ကချင်ပြည်နယ်၊ ဟူးကောင်းဒေသထွက် မြန်မာ့ပယင်းများပါသည့် ပယင်းပြခန်းတို့ကိုလည်း ပြသထားသည်။

 

အဆိုပါပြတိုက်ကြီးကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံဂေါက်ကွင်းရှေ့ မြေ ၅ ဧကပေါ်တွင် စတုရန်းပေ ၁၆၀,၀၀၀ ကျယ်ဝန်းသည့် လေးထပ်အဆောက်အအုံအဖြစ် အမေရိကန်ဒေါ်လာ ၁၀ သန်းခန့် သုံးစွဲတည် ဆောက်နေခြင်းလည်း ဖြစ်သည်။

 

ymg/mt
#Yangon_Media_Group