#LocalNews
Published - 22 Feb 2022

 

မော်လမြိုင်ဆေးရုံကြီးမှ ကိုဗစ်အတည်ပြုလူနာ(၄)ဦးဟာ ဒီကနေ့( ဖေဖော်ဝါရီလ ၂၂ )ရက်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

 

ဒီကနေ့ သေဆုံးသွားသည့် လူနာများသည် မုဒုံမြို့မှ အသက်(၈၈)နှစ်အရွယ် အမျိုးသားလူနာတစ်ဦး၊ ပေါင်မြို့နယ်မှ အသက်(၅၃)နှစ်အရွယ် အမျိုးသားလူနာတစ်ဦး၊ မော်လမြိုင်မြို့မှ အသက်(၅၂)နှစ်အရွယ် အမျိုးသားလူနာတစ်ဦးနှင့် မုတ္တမြို့မှ အသက်(၆၅)နှစ်အရွယ် အမျိုးသမီးလူနာတစ်ဦးတို့ ဖြစ်ကြတယ်လို့ မော်လမြိုင်မြို့ရှိ ဒေသခံလူမှုကူညီ ရေးအသင်းတစ်ခုက ထုတ်ပြန်ထားတာပါ။

 

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ မွန်ပြည်နယ်အတွင်းမှာ ယခု ဖေဖော်လဝါရီလ ၂၀ ရက်နေ့အထိ ပိုးတွေ့သူလူနာစုစုပေါင်းက (၁၁၉)ဦးအထိရှိ နေတာလည်းဖြစ်ပါတယ်။

 

ယခုဖေဖော်ဝါရီလ ပထမပတ်ကစလို့ မြန်မာနိုင်ငံအတွင်းမှာ အိုမီခရွန်ကူးစက်ခံရတဲ့ လက္ခဏာရှိသူတွေ အများစု ဖြစ်လာတာကြောင့် ပြည်တွင်းမှာ အိုမီခရွန်ကူးစက်ခံရမှုတွေဟာ အဆမတန်များပြားနေသလို ရောဂါပိုးကလည်း အလျင်အမြန် ကူးစက်ပြန့်နှံ့နေတာဖြစ်ပါတယ်။

 

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ ကိုဗစ်ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းဟာ အရင်လတွေက ၁ ရာခိုင်နှုန်းကျော်ပဲ ရှိခဲ့ရာကနေ အခုဆိုရင် ၁၀ ရာခိုင်နှုန်းကျော်အထိ ပြန်လည်မြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။

 

ဒါကြောင့်လည်း အများပြည်သူအနေနဲ့ ကျန်းမာရေးအသိရှိပြီး သတ်မှတ်စည်းကမ်းတွေကို လိုက်နာကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။

 

ထို့အပြင် ကိုဗစ် - ၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၂၁ ရက်၊ ည ၈ နာရီအချိန်
အထိ နောက်ဆုံးထုတ်ပြန်ထားသော ကိန်းဂဏန်းများအရ စစ်ဆေးသူ ၂၈,၄၈၀ ဦးတွင် ဓါတ်ခွဲအတည်ပြုလူနာ
ပိုးတွေ့သူ စုစုပေါင်းက ၂,၈၉၇ ဦးရှိခဲ့ပြီး ပိုးတွေ့ရာနှုန်းက ၁၀.၁၇ ရာခိုင်နှုန်းရှိခဲ့တာပါ။

 

ဒါကြောင့် ယနေ့အထိ မြန်မာနိုင်ငံမှာ ပိုးတွေ့သူစုစုပေါင်းက ၅၆၈,၅၆၄ ဦးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

 

ဒါ့အပြင် ယနေ့အထိ ဆေးရုံဆင်းသူရာနှုန်းက ၉၂.၃၂ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ဆေးရုံဆင်းသူစုစုပေါင်းက ၅၂၄,၈၈၀ ဦးအထိ ရှိခဲ့တာဖြစ်ပါတယ်။

 

သေဆုံးမှုကလည်း ယမန် နေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် သေဆုံးသူ ၇ ဦးရှိခဲ့သဖြင့် သေဆုံးရာနှုန်း ၃.၄၀ ရာခိုင်နှုန်းနှင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၉,၃၃၈ ဦးရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

 

"ပိုးတွေ့နှုန်းလည်း ၁၀ ရာခိုင်နှုန်းကျော်လာပြီ။ သေသူကလဲများလာပြီ။ မိမိ မိသားစုထဲမှာ ကာကွယ်ဆေးလုံးဝမထိုးထားသူများ အသက် ၇၅ နှစ်အထက်ရှိသူများ နောက်ခံရောဂါရှိသူများ အန္တရာယ်အရှိဆုံးဖြစ်ပါတယ်။ ဂရုစိုက်ကြပါ။ အိုမီခရွန်က စိုးရိမ်ဖွယ်ရာ ဗီဇမျိုးကွဲဖြစ်ပါတယ်။ မပေါ့ဆပါနှင့်"လို့ ကျန်းမာရေးပညာရှင် ဒေါက်တာခင်ခင်ကြီးက ၄င်း၏ လူမှုကွန်ရက်ကနေ အသိပေးရေးသားထားပါတယ်။

 

ymg/kg
#Yangon_Media_Group