#LocalNews
Published -22 Feb 2022

 

နိုင်ငံရေး အထွေထွေအကျပ်အတည်းဖြေရှင်းနိုင်ဖို့ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကနေ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)ရဲ့ခေါင်းဆောင် နိုင်အောင်မင်းကပြောဆိုလိုက်ပါတယ်။

 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး ဖေဖော်ဝါရီ ၂၂၊ ၂၃ ရက်တို့တွင် Video Conferencing ဖြင့် နှစ်ရက်တာ ကျင်းပနေပြီး ယင်းအစည်းအဝေးတွင် PPST ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းရဲ့ အဖွင့်မိန့်ခွန်းပြောကြားခဲ့ရာ အထက်ပါအတိုင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

 

“ လက်ရှိနိုင်ငံရေး အထွေထွေအကျပ်အတည်း ဖြေရှင်းနိုင်ရေးကို အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်းမှတဆင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို မိမိတို့ PPST အနေနဲ့ တတ်နိုင်တဲ့နည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲ ပုံစံအသစ်ကို ဆွေးနွေးညှိနှိုင်း ချမှတ်သွားမှာဖြစ်ပါတယ်” ဟု နိုင်အောင်မင်းက ပြောကြားပါတယ်။

 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ရဲ့ နှစ်ရက်တာအစည်းအဝေးမှာ လက်ရှိနိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေးအပါအဝင် အခြားအရေးကြီးတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးညှိနှိုင်းပြီး သဘောထား ချမှတ်သွားမည်ဖြစ်ကာ (၇၅)နှစ်ပြည့် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားအခင်းအကျင်း၊ တပ်မတော်၏ ငြိမ်းချမ်းရေးအကြိုညှိနှိုင်းဆွေးနွေးပွဲ ဖိတ်ကြားခြင်းကိစ္စ၊ ပြည်သူ့ညီလာခံ (People Assembly) အခြေအနေ၊ မကြာမီ ပြည်တွင်းသို့လာရောက်မည့် အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အနေအထားတို့ကို ဆွေးနွေးသွားရန် စီစဉ်ထားပြီး တိကျတဲ့ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်သွားမယ်လို့ သိရပါတယ်။

 

ဒါ့အပြင် PPST ရဲ့စုဖွဲ့မှုအသစ်အခင်းအကျင်းနဲ့ EAO များ၏ ညီလာခံကျင်းပသွားနိုင်ရေးဆွေးနွေးခြင်း၊ PPST ၏ နိုင်ငံရေးဦး တည်ချက် (၇)ရပ်ကို အခြေခံပြီး လမ်းပြမြေပုံ (၇)ဆင့်အတွက် ဆွေးနွေးညှိနှိုင်းနေသည့် PPST အကြံပေး စဝ်ဟန်ယောင်ဟွေ ဦးစီးဆောင်ရွက်ပြုလုပ်နေတဲ့ PPST အလုပ်ရုံဆွေးနွေးပွဲ အခြေအနေကိုလည်း ဆွေးနွေးတင်ပြခြင်းနှင့် အလုပ်ရုံရှေ့လုပ်ငန်းစဉ်အတွက် သဘောထားချမှတ်ခြင်း၊ တိုက်ပွဲများကြောင့် အတိဒုက္ခ အမျိုးမျိုးကြုံတွေ့နေရသည့် ပြည်သူလူထု စစ်ဘေးရှောင်များအတွက် ထိထိရောက်ရောက် ဆက်လက်အကူအညီပေးနိုင်ရေးနှင့် သဘောထားချမှတ်ခြင်းများ ဆောင်ရွက်မယ်လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

 

ymg/hm
#Yangon_Media_Group