#LocalNews
Published - 22 Feb 2022

 

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် စက်သုံးဆီများပြတ်လပ်နေပြီး ဓါတ်ဆီ တစ်လီတာလျှင် ၈,၀၀၀ မှ ၁၀,၀၀၀ အထိ ပေါက်စျေးရှိနေတယ်လို့ သိရပါတယ်။

 

အဆိုပါ ပူတာအိုဒေသတွင် စက်သုံးဆီများ ပြတ်လပ်နေမှုကြောင့် ဒေသခံများအခက်ကြုံနေရပြီး လုပ်ငန်းအချို့ကိုလည်း ရပ်ဆိုင်းထားရတယ်လို့ ပူတာအိုမြို့ဒေသခံတွေက ဆိုပါတယ်။

 

"ကားတွေရပ်နေပြီ ဆိုင်ကယ်တွေရပ်နေပြီ ဓါတ်ဆီမရှိလို့ တော်တော်လေး အခက်အခဲရှိတယ် ဟိုတလောက ဓါတ်ဆီပြတ်တယ်။ အခု နောက်ပိုင်းလမ်းပိတ်တယ်လို့ ကြေညာတော့ ပိုဆိုး၊ပိုကြပ်သွားတာပေါ့၊ စားရေးသောက်ရေးတွေ အတော်လေး အခက်အခဲရှိပါတယ်။

 

အခု ဓါတ်ဆီပြတ်နေတာက တစ်လ လောက်ရှိပြီ၊ ပူတာအိုမှာ ဓါတ်ဆီ တစ်လီတာဆိုရင် ၈,၀၀၀ ၁၀,၀၀၀ လောက်ရှိတယ်။ ဒါတောင်ဝယ်မရပါဘူး။ လုံးဝ မရောင်းဘူး။ ဓါတ်ဆီကုန်နေတာ ဘာကြောင့်လဲဆိုရင် မြစ်ကြီးနားနဲ့ ပူတာအိုကြားမှာ ဓါတ်ဆီကားလာလို့မရဘူး။ နှစ်ဘက်စလုံးက ပိတ်လိုက်တော့ ဓါတ်ဆီကို တင်တဲ့ကားတွေက လာလို့မရဘူး။ နောက် ပူတာအိုနဲ့ မြစ်ကြီးနားကြားမှာ တိုက်ပွဲတွေဖြစ်နေတာ သူတို့က ဓါတ်ဆီတင်တဲ့ကားကို တားမြစ်တာ၊ လုံးဝ အဝင်မခံတာပေါ့။"လို့ ပူတာအိုမြို့ဒေသခံတစ်ဦးက YMG ကို ပြောပြခဲ့ပါတယ်။

 

ပူတာအိုမြို့တွင် စက်သုံးဆီများ ပြတ်လပ်နေသည်မှာ တစ်လခန့်ရှိနေပြီး မြို့၏ မည်သည့်နေရာတွင်မှ စက်သုံးဆီကို ဝယ်ယူလို့မရတာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

 

"စက်သုံးဆီက လုံးဝပြတ်နေတယ်။ မြို့မှာလည်း လုံးဝဝယ်မရဘူး၊ တချို့လုပ်ငန်းတွေဆိုရင် ရပ်ထားရတယ်။ စက်သုံးဆီမရှိတော့ ဆိုင်ကယ်ဆီဖြည့်ဖို့ကအစ အတော်လေး အခက်ကြုံနေရပါတယ်။ လမ်းပေါ်မှာဆို ကားတစ်စီးတစ်လေ၊ ဆိုင်ကယ်တစ်စီးတစ်လေလောက်ပဲ တွေ့ရတယ်။"လို့ ၄င်းက ဆက်လက်ပြောပြခဲ့ပါတယ်။

 

ဒါ့အပြင် ပူတာအိုဒေသမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး လမ်းပန်းဆက်သွယ်ရေး အခြေအနေကလည်း အရင်လို ကောင်းမွန်ခြင်းမရှိသည့်အတွက် စက်သုံးဆီများတင်ပို့ဖို့က အခက်အခဲများရှိနေပြီး အခြားသော ကုန်စည်စီးဆင်းမှု တွေအတွက်လည်း နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

 

ထို့အပြင် ဒီကနေ့မှစတင်ပြီး မြစ်ကြီးနား-ဆွမ်ပရာဘွန်-ပူတာအို ကားလမ်းကိုလည်း နှစ်ဖက်တပ်တွေက စစ်ရေးအ ခြေအနေတွေကြောင့် ပိတ်ထားတယ်လို့လည်း သိရပါတယ်။

 

Photo - CJ
ymg/kg
#Yangon_Media_Group