#LocalNews
Published - 19 Feb 2022

 

နိုင်ငံခြားရင်းနှီးမြှပ်နှံမှုပမာဏာအနေနဲ့ လုပ်ငန်းအရေအတွက်ပေါင်း ၁၂၈ ခုလျော့နည်းသွားပေမယ့် ရင်းနှီးမြှပ်နှံမှုပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၅၅၈ ဒဿမ ၃၃၉ သန်း တိုးမြှင့်ဝင်ရောက်ခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးက ဂျပန်နိုင်ငံ Mainichi သတင်းစာမှ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

 

မြန်မာနိုင်ငံအနေနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ရင်းနှီးမြှုပ်နှံကဏ္ဍ လုပ်ငန်းပေါင်း ၄၄ ခုတွင် အမေရိကန်ဒေါ်လာ ၃,၈၂၃ သန်းကျော်ကို ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။

 

အဆိုပါ ကန်ဒေါ်လာ ၃,၈၂၃ သန်းကျော်မှာ UK နိုင်ငံမှ အမေရိကန်ဒေါ်လာ ၂,၅၀၄ သန်းနဲ့ ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၅၁၆ သန်း မြှုပ်နှံထားပြီး စင်ကာပူနိုင်ငံမှ အမေရိကန်ဒေါ်လာ ၄၄၂ သန်း ပါဝင်မြှုပ်နှံထားတယ်လို့ သိရပါတယ်။

 

ခွင့်ပြုပေးလိုက်တဲ့အထဲမှာ လျှပ်စစ်ကဏ္ဍတွင် ၃,၀၆၂ သန်းနဲ့ အများဆုံးရင်းနှီးမြှုပ်နှံခဲ့ပြီး အခြားဝန်ဆောင်မှုကဏ္ဍတွေမှာက ၂၃၇ သန်းကျော်နဲ့ စက်မှုကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၁၉၉ သန်းကျော် ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

 

ဒ့ါကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကနေ နိုင်ငံသားလုပ်သား ၂၄,၂၅၈ ဦး၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေမှ နိုင်ငံသားလုပ်သား ၁၁,၇၀၄ ဦး စုစုပေါင်း နိုင်ငံသား ၃၅,၉၆၂ ဦးအတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်ခဲ့ပါတယ်။

 

သို့ပေမယ့်လည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေကို မပြုလုပ်တော့ဘဲ နိုင်ငံခြားကုမ္ပဏီတချို့ ပြန်လည်ထွက်ခွာမှုတွေလည်း ရှိနေခဲ့ပါတယ်။ အဲဒီလို ထွက်ခွာရတာဟာ မိခင်နိုင်ငံက ပြန်လည်ထွက်ခွာဖို့ တွန်အားပေးတာကြောင့်လို့ ပြန်ကြားရေးဝန်ကြီးက ဆိုပါတယ်။

 

ymg/ei
#Yangon_Media_Group