#LocalNews
Published - 19 Feb 2022

 

ဥရောပတိုက် စပိန်နိုင်ငံ၏ ယဉ်ကျေးမှုမြို့တော်ဖြစ်တဲ့(Caceres - ကပ်ဆီးရပ်)မြို့မှာ တည်ဆောက်မည့် ဗုဒ္ဓလုမ္ဗိနီဥယျာဉ်တော်ကြီးတွင် ရွှေတိဂုံစေတီတော် ပုံစံတူကိုပါ ထည့်သွင်းတည်ဆောက်သွားဖို့ စီမံဆောင်ရွက်နေတယ်လို့ သိရပါတယ်။

 

အဆိုပါ ဗုဒ္ဓလုမ္ဗိနီဥယျာဉ်တော်ကြီး တည်ဆောက်ဖို့အတွက် ခွင့်ပြုချက်ကိုလည်း စပိန်နိုင်ငံအစိုးရထံမှ ရရှိခဲ့ပြီးဖြစ်ပါတယ်။

 

"ရှေးဟောင်းယဥ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းတဲ့အနေနဲ့ ယူနက်စကိုက မာတီကာချာစီးတီးအဖြစ်နဲ့ တည် ဆောက်နေတာဖြစ်ပါတယ်။

 

စပိန်နိုင်ငံသား၊ ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်သူများအဖွဲ့က ဦးဆောင်ပြီး လုမ္ဗိနီဥယျာဉ်တော်ကြီးကို တည် ဆောက်ဖို့ စီမံဆောင်ရွက်နေကြတာဖြစ်ပါတယ်။ မြတ်ဗုဒ္ဓရဲ့ ဖွားမြင်ရာနေရာ၊ တစ်နည်းအားဖြင့်ပြောရင်တော့ ဓမ္မတရားတွေကို ဥရောပမြေမှာ လွှမ်းခြုံလာမယ့် အနေအထားဖြစ်ပါတယ်။ ဒီနေရာရဲ့ အကျယ်အဝန်းဟာလည်း ဧက ပေါင်း ၂၇၀ ကျော်လောက် ကျယ်ဝန်းပါတယ်။ ဗုဒ္ဓလုမ္ဗိနီဥယျာဉ်တော်ကြီး တည်ဆောက်ဖို့အတွက် ကပ်ဆီးရပ်မြို့ တော်ဝန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြသလို ဒီပရောဂျက်ကိုဦးဆောင်တဲ့ အဖွဲ့တွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ကြပြီးဖြစ်ပါတယ်။"လို့ ဥရောပတိုက် Lumbini Garden Project ဒါရိုက်အဖွဲ့က IBEC ဆရာတော်က မိန့်ကြားခဲ့ပါတယ်။

 

အဆိုပါ ဗုဒ္ဓလုမ္ဗိနီဥယျာဉ်တော်ကြီးကို စပိန်နိုင်ငံ Caceres ကပ်ဆီးရပ် ယူနက်စကို ရှေးဟောင်းယဉ်ကျေးမူမြို့တော်တွင် တည်ဆောက်သွားမည်ဖြစ်ပြီး ဘုရားရှင်၏ အငွေ့အသက်ဓမ္မတရားတွေမွမ်းထုံမည့် လုမ္ဗိနီဥယျာဉ်စီမံကိန်းအကောင်အထည်ဖေါ်ရန် ဥရောပတိုက် စပိန်နိုင်ငံ ကပ်ဆီးရပ်ခရိုင် အစိုးရအဖွဲ့အကြီးအကဲနှင့် lumbini Garden project တာဝန်ရှိသူများဆွေးနွေးညှိနှိုင်းပွဲကိုလည်း ယခု( ဖေဖော်ဝါရီလ ၁၆ ရက် )နေ့က ပြုလုပ်ခဲ့ပြီး အဆိုပါဆွေး နွေးပွဲသို့ မြန်မာနိုင်ငံ၊ စစ်ကိုင်းတောင်ရိုး International Buddhist Education Center တည်ထောင်သူ ကျွန်းလှဗုဒ္ဓတက္ကသိုလ်နှင့်နယ်သာလန် Stichting IBEC ဆရာတော်ဒေါက်တာ အရှင်သောဘိတ တို့ တက်ရောက်ခဲ့ကြတာပါ။

 

အဓိကဆွေးနွေးမှုမှာ ရွှေတိဂုံစေတီတော်တည်ဆောက်ရေးကိစ္စ မြန်မာပြည်မှ အဓိကပါဝင်ရန်ဖြစ်တယ်လို့လည်း သိရပါတယ်။

 

"ပြောရရင် ဒီတောင်တန်းတွေပေါ်မှာ ဗုဒ္ဓရုပ်ပွားတော်တွေ နီပေါနိုင်ငံမှာရှိတဲ့ လုမ္ဗိနီဥယျာဥ်တော်တွေနဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ အငွေ့အသက်တွေကို ဥရောပနိုင်ငံသားတွေ ခံစားကြရမှာဖြစ်ပါတယ်။ ဒီစီမံကိန်းပရောဂျက်အတွက် ဘူတန်နိုင်ငံ ဘုရင်နဲ့ မိသားစုတိုကလည်း ထောက်ပံ့လှူဒါန်းထားကြပြီး သဘောတူလက်မှတ်ရေးထိုးထားသလို ထိုင်းနိုင်ငံက ဘုရင့်သမီးတော်ကလည်း လှူဒါန်းထားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ကလည်း ယခုတည်ဆောက်မည့် ဗုဒ္ဓလုမ္ဗိနီဥယျာဉ်တော်ကြီးအတွင်းမှာ ရွှေတိဂုံစေတီတော် ပုံစံတူကိုတည်ဖို့အတွက် စီမံဆောင်ရွက်နေကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေကိုယ်စား ဗုဒ္ဓဘာသာတွေကိုယ်စား ရွှေတိဂုံစေတီတော်ကို တည်ဆောက်နိုင်ဖို့ ဝိုင်းဝန်းဆောင်ရွက်ကြမှာဖြစ်ပါတယ်။ ပြောရရင် ဒီနေရာက ဥရောပတိုက်ရဲ့ ခေတ်သစ် ဗုဒ္ဓလုမ္ဗိနီဥယျာဉ်တော် မြတ်ဗုဒ္ဓရဲ့ တရားတော်တွေ ပြန့်ပွားလာတဲ့နေရာလည်းဖြစ်ပါတယ်။"လို့ IBEC ဆရာတော်က ဆက်လက်မိန့်ကြားခဲ့ပါတယ်။

 

IBEC ဆရာတော်သည် အဆိုပါစီမံကိန်း၏ တရားဝင်ပူးပေါင်းဆောင်ရွက်မည့် ဒါရိုက်တာအဖွဲ့ဝင် ရဟန်းတော်ဖြစ်လည်း ဖြစ်ပါတယ်။

 

အဆိုပါ The Second Birth Place of Lord Buddha Garden Project in Spain စီမံကိန်းသည်အထူးစိတ်ဝင်စားစရာကောင်းသလို မြို့တော်ဝန် His Excellency Luis Salaya နှင့် Lumbini Garden Project အဖွဲ့တို့သည် IBEC ဆရာတော်နှင့်သာသနာပြုအဖွဲ့အား ယဉ်ကျေးမှုမြို့တော်အကြောင်းရှင်းပြကာ အပြန်အလှန်မိတ်ဆက်ဆွေးနွေးခဲ့ကြတယ်လို့လည်း International Buddhist Education Center(သတင်းထုတ်ပြန်ရေးအဖွဲ့ )က သတင်းထုတ်ပြန်ထားပါတယ်။

 

ဓါတ်ပုံ - International Buddhist Education Center(သတင်းထုတ်ပြန်ရေးအဖွဲ့ )

ymg/kg
#Yangon_Media_Group