Published - 19 Feb 2022

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် မျိုးစေ့ထုတ်လုပ်ရေးလုပ်ငန်းဟာ  အကျိုးအမြတ်ကောင်းစွာရနိုင်တဲ့ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းကြီးတစ်ခုဖြစ်လာဖို့ သက်ဆိုင်သူတွေက အာရုံစိုက်ဆောင်ရွက်နေကြောင်းသိရပါတယ်။

ဖေဖော်ဝါရီ၁၈ရက် ယမန်နေ့က နေပြည်တော်မှာ  ဖွင့်လှစ်ခဲ့တဲ့ မျိုးစေ့ပြပွဲဟာ လုပ်ငန်းရှင်တွေနှင့် စိုက်ပျိုးရေးပညာရှင်တွေအနေနှင့်  မျိုးစေ့ထုတ်လုပ်ရေးလုပ်ငန်းကို အာရုံစိုက်လုပ်ဆောင်လာစေဖို့ ဆွဲဆောင်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။

မျိုးစေ့ထုတ်လုပ်ရေးလုပ်ငန်းဟာ ပြည်တွင်းလိုအပ်ချက်အတွက်သာမက ပြည်ပ သို့တင်ပို့မှုအတွက်ပါ ဆောင်ရွက်နိုင်တဲ့ အကျိုးအမြတ်ကောင်းတဲ့ရင်းနှီးမြှပ်နှံမှုတစ်ခုဖြစ်တယ်လို့ အဆိုပါပွဲကိုတက်ရောက်ဖွင့်လှစ်ခဲ့တဲ့ နစကဥက္ကဋ္ဌက ပြောပါတယ်။

မြန်မာနိုင်ငံဟာ ကွဲပြားခြားနားတဲ့ ရေမြေ ရာသီဥတုတွေရှိနေတဲ့အတွက် မျိုးစေ့ထုတ်လုပ်ဖို့အခြေအနေကောင်းတွေရှိနေတယ်လို့ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်။

ဒါပေမယ့် အဲဒီလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်တဲ့ပြင်ဆင်မှုတွေ၊ဖြေလျော့မှုတွေနှင့်ပံ့ပိုးကူညီမှုတွေဖန်တီးပေးဖို့လိုအပ်တယ် ဆိုတဲ့အကြောင်းကိုလည်း သူက ထောက်ပြပြောဆိုသွားပါသေးတယ်။

မြန်မာနိုင်ငံမှာ မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားကုမ္ပဏီတွေသာမကဘဲ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုကို ရာနှုန်းပြည့် ရင်းနှီးမြှပ်နှံခွင့်ပြုထားကြောင်းသိရပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှပ်နှံမှုတွေဟာ  စိုက်ပျိုးရေးကဏ္ဍမှာ ဒုတိယမြောက်အနည်းဆုံးဖြစ်တာကို ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းအချက်အလက်တွေအရသိရပါတယ်။ ၂၀၂၂ ဇန်နဝါရီ ၃၁ရက်အထိ စိုက်ပျိုးရေးကဏ္ဍ လက်ရှိ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု စုစုပေါင်းဟာ အမေရိကန်ဒေါ်လာ ၄၁၈.၂သန်းရှိပြီး အဲဒါဟာတစ်နိုင်ငံလုံးနိုင်ငံခြား ရင်းနှီးမြှပ်နှံမှုပမာဏရဲ့ ၀.၅၇ ရာခိုင်နှုန်းရှိနေတာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁၈ ရက်မှ ၂၂ ရက်ထိ ပျဉ်းမနားမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ ပြုလုပ်နေသော  မျိုးစေ့ပြပွဲ ၂၀၂၂ (Seed Fair 2022) တွင် သုတေသနခြံများ၊ မျိုးသန့်မျိုးပွားခြံများမှ ထုတ်လုပ်ထားသော ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများနှင့် ဟင်းသီးဟင်းရွက် သစ်သီးဝလံ မျိုးစေ့၊ ပျိုးပင်၊ ပြခန်း ပြကွက်များနှင့် စိုက်ခင်းများ၊ ပုဂ္ဂလိက ပြခန်းများ စုံလင်စွာ ခင်းကျင်းပြသထားကြောင်းလည်း သိရပါတယ်။

အဆိုပါ မျိုးစေ့ ပြပွဲကို၂၀၁၈ ခုနှစ် မတ် ၅ ရက်မှ ၉ ရက်ထိ ပထမအကြိမ်အဖြစ်လည်းကောင်း၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၅ ရက်ထိ ဒုတိယအကြိမ်အဖြစ်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်  ဇန်နဝါရီလ ၂၈ ရက်မှ ၃၀ ရက်ထိ လည်းကောင်း ပြုလုပ်ခဲ့ပြီး ၂၀၂၁ ခုနှစ်က ပြုလုပ်ခဲ့ခြင်း မရှိခဲပါဘူး။

"ပြပွဲတွေမှာတော့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနတွေမှာ ရှိတဲ့ သုတေသနခြံတွေ ၊ မျိုးသန့်မျိုးပွားခြံတွေကနေ ထုတ်လုပ်ထားတဲ့ ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံမျိုးစေ့ ပျိုးပင် ပြခန်း ပြကွက်တွေ ၊ စိုက်ခင်းတွေ ၊ ပုဂ္ဂလိက ပြခန်းတွေကို ပြသထားမယ်။ပြပွဲရက်တွေမှာ စကားဝိုင်းဆွေးနွေးပွဲတွေကိုလည်း ထည့်သွင်းပေးမှာပါ"ဟု စိုက်ပျိုးရေးဦးစီးဌာန ၏ တာဝန်ရှိသူတစ်ဦးက YMG ကို ပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံးတွင် မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်ဒဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီး၊နေပြည်တော်တို့၌ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံ မျိုးစေ့ထုတ်စိုက်ဧကပေါင်း ၄၅၅၂ ဧက ၊ စပါးသီးနှံအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မျိုးစေ့ထုတ်စိုက်ဧကပေါင်း ၈၀၄၈ ဧက စိုက်ပျိုး ထုတ်လုပ်နိုင်ခဲ့ကြောင်း  စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ စာရင်းများ အရ သိရပါတယ်။

ymg/mt

#Yangon_Media_Group