#LocalHealth
Published - 10 Feb 2022

 

ကိုဗစ်ရောဂါရဲ့ မျိုးရိုးဗီဇပြောင်း ပိုး အိုမီခရွန်ကူးစက်ခံရမှု နှုန်းမြင့်တက်လာတာကြောင့် ရန်ကုန်တိုင်းဒေသကြီး၊တောင်ဒဂုံမြို့နယ်က အောင်မြင့်မိုရ်ကိုဗစ်ကုသရေးစင်တာကို ဖေဖော်ဝါရီလ ၉ ရက်နေ့တွင်စတင်ဖွင့်လှစ်ခဲ့ပြီး ကိုဗစ်လူနာ ၈၄ ဦးစတင်ခဲ့တယ်လို့ စင်တာမှ သိရပါတယ်။

 

အဆိုပါစင်တာကို OXYGENDONOURS and VOLUNTEERS မှ ဦးစီးကာကျန်းမာရေးဝန်ထမ်းများ နဲ့ ဗော်လန်တီယာ စုစုပေါင်း ၂၄ ဦး က လုပ်ငန်းတာဝန်များစတင်ထမ်းဆောင်ခဲ့ပြီး ကိုဗစ်လူနာကျား(၃၉) ဦး၊မ(၄၅)ဦး စုစုပေါင်း ၈၄ ဦးစတင်လက်ခံခဲ့တယ်လို့ သိရပါတယ်။

 

ကိုဗစ်ရောဂါတတိယလှိုင်းအပြီးနောက် ရန်ကုန်မြို့က ကိုဗစ်စင်တာတွေ ယာယီပိတ်သိမ်းခဲ့ပြီး အသင့်အနေအထားနဲ့ ရောဂါကူးစက်မှုကိုစောင့်ကြည့်လျက်ရှိကာ ယခုအခါမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကူးစက်မှုတွေရှိလာတာကြောင့် ပြန်လည်ဖွင့်လှစ်ဖို့ ပြင်ဆင်ရတာဖြစ်တယ်လို့ သိရပါတယ်။

 

ယခုကာလတွင် ရန်ကုန်မြို့ အပါအဝင် မြို့ကြီးအချို့မှာ ကိုဗစ်အစုအပြုံလိုက်ဖြစ်ပွားမှုနဲ့ အိုမီခရွန်ရောဂါပိုး ကူးစက်မှုတွေလည်းရှိနေတဲ့အတွက် ပြည်သူလူထုတွေအနေနဲ့ ကိုဗစ်စည်းကမ်းကို အထူးသတိပြုလိုက်နာကြဖို့နဲ့ ကာကွယ် ဆေးထိုးနှံကြဖို့ကိုလည်း ကျန်းမာရေးပညာရှင်များက တိုက်တွန်းထားပါတယ်။

 

ဒါ့အပြင် အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမှကာကွယ်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အခြေခံစည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာကြဖို့နဲ့ သံသယရောဂါလက္ခဏာရှိသူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပေးပို့ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။

 

ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရလည်း မြန်မာနိုင်ငံမှာ အိုမီခရွန်ရောဂါပိုးကို နိုင်ငံခြားသားရော၊ မြန်မာနိုင်ငံသားအပါအဝင် စုစုပေါင်း ၃၄၈ ဦးထံမှာ တွေ့ရှိထားတာပါ။

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု ပြန်လည်မြင့်တက်နေပြီး ကူးစက်ခံရသူအများဆုံးမှာ ရန်ကုန်တိုင်းဒေသကြီးမှဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့စာရင်းများအရ မြန်မာတစ်နိုင်ငံလုံးတွင် ကူးစက်သူ ၁,၁၄၅ ဦးရှိခဲ့ပြီး ၇၁၁ ဦးဟာ ရန်ကုန်တိုင်းဒေသကြီးမှဖြစ်ကာ တစ်နိုင်ငံလုံးကူးစက်ခံရသူ အားလုံးရဲ့ ၆၂ ရာခိုင်နှုန်းကျော်ရှိနေပါတယ်။

 

ဖေဖော်ဝါရီ ၈ ရက်နေ့အထိ လူဦးရေ ၂၂,၅၇၃,၈၀၆ ဦးအား ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးပြီးဖြစ်ကာကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် နှင့်ပတ်သက်၍ ရောဂါဖြစ်ပွားမှုများကို မျက်ခြေမပြတ်စောင့်ကြပ်ကြည့်ရှုလျက်ရှိတယ်လို့ ဆိုပါတယ်။

 

ymg/hm
#Yangon_Media_Group