#LocalPolitics
Published 7 Feb 2022

 

ငြိမ်းချမ်းရေးဆွေးနွေးရာမှာ ဆွေးနွေးမယ့်အကြောင်းအရာများနဲ့ပက်သက်ပြီး ကြိုတင်ကန့်သတ်ချက်မထားဘဲ တတ်နိုင်သလောက် လွတ်လွတ်လပ်လပ် နှီးနှောဖလှယ်နိုင်ရန် ရည်ရွယ်ချက်ထားရှိတယ်လို့ နစက က ကြေညာလိုက်ပါတယ်။

 

ဖေဖော်ဝါရီလ ၆ ရက်နေ့ နစကရဲ့ ကြေညာချက် ၁/၂၀၂၂ ထာဝရငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ခြင်း နဲ့ စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ဖိတ်ကြားခြင်း ထုတ်ပြန်ရာမှာ အထက်ပါအတိုင်းရေးသားထားတာဖြစ်ပါတယ်။

 

အဆိုပါထုတ်ပြန်ချက်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲများပြုလုပ်နိုင်ရေး ဆက်လက်စီမံဆောင်ရွက်နေပြီး အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားတဲ့ အဖွဲ့အစည်းများမှအပ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသာမက NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကိုပါ ထာဝရငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန်ဖိတ်ခေါ်တယ်လို့ ဖော်ပြထားပါတယ်။

 

ငြိမ်းချမ်းရေးဆွေးနွေးရာမှာလည်း ဆွေးနွေးမယ့်အကြောင်းအရာတွေနဲ့ပက်သက်ပြီး ကြိုတင်ကန့်သတ်ချက်မထားဘဲ တတ်နိုင်သလောက် လွတ်လွတ်လပ်လပ် နှီးနှောဖလှယ်နိုင်ရန် ရည်ရွယ်ချက်ထားရှိတယ်လို့လည်း အလေးထားဖော်ပြထားပါတယ်။

 

ဒါ့အပြင် ဒီမိုကရေစီကျင့်စဉ်များနဲ့အညီ စေ့စပ်ညှိနှိုင်းအဖြေရှာရေးနည်းလမ်းနဲ့ ထာဝရငြိမ်းချမ်းရေးကို ရှေးရှုဆွေးနွေးသွားကြမှာဖြစ်တာကြောင့် ပြည်ထောင်စုနေ့အခမ်းအနားတက်ရောက်စဉ်ကာလအတွင်း ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးအတွက်ကျင်းပမယ့် ထာဝရငြိမ်းချမ်းရေးအကြိုညှိနှိုင်းဆွေးနွေးပွဲကို တက်ရောက်ဆွေးနွေးကြဖို့ဖိတ်ခေါ်တယ်လို့ ဖော်ပြထားပါတယ်။

 

၂၀၂၂ ခုနှစ်ဇန်နဝါရီလ ၁၃ ရက်နေ့ နစက ဥက္ကဌရဲ့တနင်္သာရီတိုင်းဒေသကြီးခရီးစဥ်မှာ ငြိမ်းချမ်းရေးမှာ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးဥပဒေနှင့်အညီ ပါဝင်လာမှသာလျှင် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လိမ့်မယ်လို့ ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းတွေနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ပါတယ်။

 

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကြပ်အတည်းတွေကို ဖြေရှင်းနိုင်ရေးအတွက် သက်ဆိုင်သူများအားလုံးပါဝင်သော အဓိပ္ပယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးပွဲများနဲ့သာ ဖြေရှင်းနိုင်မယ်လို့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ PPST က ဇန်နဝါရီလ ၇ ရက်နေ့ကထုတ်ပြန်ထားပါတယ်။

 

ymg/hm
#Yangon_Media_Group