#LocalNews
Published- 6 Feb 2022
ဖေဖော်ဝါရီလ ၅ရက်နေ့ကမကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပါဒ စေတီတော်ဖွင့်ပွဲနှင့် ဓါတ်လှေကားတာဝါဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတော်ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တဥတ္တရမှ မန်းရွှေစက်တော်ဘုရား အောက်ခြေတော်ရာ ပါဒစေတီတော် အလင်းပေါက်ဖန်အုပ်ဆောင်းတော်အား စက်ခလုပ်နှိပ် ဖွင့်လှစ် ပေးခြင်းနဲ့ အထက်စက်တော်ရာ ပါဒစေတီတော် ခြေတော်ရာသံတံခါးအား ဖွင့်လှစ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ဩဝါဒါစရိယဆရာတော်ကြီးများက ဗုဒ္ဓပါဒ စေတီတော်နှစ်ဆူအား ဗုဒ္ဓါဘိသေက အနေကဇာတင် ဘိသိတ်သွန်းတော်မူခဲ့ကြတယ်လို့ သိရပါတယ်။

မန်းရွှေစက်တော်ဘုရား ဓါတ်လှေကားတာဝါနှင့် စင်္ကြန်လျှောက်လမ်းကို Phase-1နှင့် Phase-2 ဟူ၍ နှစ်ကျိပ်ရှစ်ဆူစေတီတော်အနီးမှ ကိုးခန်းကြီးဘုရားအထိ (အလျား ပေ ၂၁၀ x အမြင့် ၁၁၉ ပေ x အကျယ် ၁၂ ပေ) ရှိပြီး၊ ဘုရားကြီးဘဏ္ဍာငွေမှ ခွင့်ပြုငွေကျပ်သိန်းပေါင်း (၁၈၀,၀၀၀)ခန့်ဖြင့် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့က စတင်တည်ဆောက်ခဲ့ရာ (ဖေဖော်ဝါရီ ၅ ရက်) ယမန်နေ့တွင် စတင်ဖွင့် လှစ်ပေးခဲ့ကြောင်း၊ ဓာတ်လှေကားတစ်စင်းကို လူ(၂၀)နှုန်းဖြင့် စုစုပေါင်း လူ(၄၀) လိုက်ပါ စီးနင်းနိုင်မယ်လို့ သိရပါတယ်။

မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကာလမှာ နှစ်စဉ်တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိဖြစ်တယ်လို့ သိရပါတယ်။
ymg/hm

#Yangon_Media_Group