#LocalNews
Published - 6 Feb 2022

မြန်မာ့လက်မှုအနုပညာစင်တာ (MHC)နဲ့ အသေးစားစက်မှုလက်မှုနှင့် လက်မှုအနုပညာထုတ်ကုန်ပစ္စည်းပြပွဲ၊ ဈေးရောင်းပွဲ အခမ်းအနားကို ဇန်နဝါရီ လ ၅ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။

မြန်မာ့လက်မှုအနုပညာစင်တာကို ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမကြီးပေါ်ရှိ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရုံးဝန်းအတွင်း တည်ဆောက်ထားတာ ဖြစ်ပါတယ်။

မြန်မာ့လက်မှုအနုပညာစင်တာမှာ ယွန်းထည်ပစ္စည်းတွေ၊ ရက်ကန်းထည်ပစ္စည်းတွေ၊ သစ်သားပန်းပုတွေ၊ ငွေထည် ကြေးထည်ပစ္စည်းတွေ၊ ပန်းချီကားတွေ၊ သစ်သား၊ ဝါး၊ ကျောက်မျက်တို့နဲ့ ပြုလုပ်တဲ့ ပန်းပုပစ္စည်း တွေ၊ ဝါးထည်၊ ကြိမ်ထည်တွေ၊ ကနုကမာ၊ ခရုတို့နဲ့ ပြုလုပ်တဲ့ အလှဆင်ပစ္စည်းတွေနဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှထွက်ရှိတဲ့ လက်မှုအနုပညာပစ္စည်း အမျိုးမျိုးတို့ကို ပြသရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

"မြန်မာနိုင်ငံဟာ သဘာဝကုန်ကြမ်းပစ္စည်းတွေ အလွယ်တကူရရှိနိုင်ပြီး လက်မှုအနုပညာတွေထွန်းကားတဲ့ နိုင်ငံဖြစ်ပေမယ့်လည်း မြန်မာ့လက်မှုပညာပစ္စည်းတွေဟာ ပြည်ပနိုင်ငံတွေကို ကျယ်ကျယ်ပြန့်ပြန့် တင်ပို့ရောင်းချနိုင်တာ မရှိသေးဘဲ နိုင်ငံခြားသားခရီးသွား ဧည့်သည်တွေအပေါ် မျှော်ကိုးရောင်းချနေရတဲ့ အနေအထားမှာပဲ ရှိနေသေးတာကြောင့် မြန်မာ့လက်မှု အနုပညာပစ္စည်းများ အနာဂတ် ဈေးကွက် ကောင်းမွန်စေရေးကို ဖော်ဆောင်ပေးဖို ဒီမြန်မာ့လက်မှု အနုပညာစင်တာကို ဖွင့်လှစ်ပေးတာပဲဖြစ်ပါတယ်" လို့ ပြည်ထောင်စု ဝန်ကြီး ဦးလှမိုးက ပြောပါတယ်။

 

၇၅ နှစ်မြောက် စိန်ရတုနှစ်ပတ်လည် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ မြန်မာ့လက်မှုအနုပညာစင်တာ(MHC)နဲ့ အသေးစားစက်မှုလက်မှုနှင့် လက်မှုအနုပညာထုတ်ကုန်ပစ္စည်းပြပွဲ၊ ဈေးရောင်းပွဲ ကျင်းပပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။

လက်မှုအနုပညာထုတ်ကုန်ပစ္စည်းပြပွဲ၊ဈေးရောင်းပွဲမှာ ပြခန်းပေါင်း(၇၇)ခန်း ပါဝင်ပြသမှာဖြစ်ပြီး အဆိုပါ ပြခန်းတွေကတဆင့် နိုင်ငံတစ်ဝန်းမှာရှိတဲ့ အသေးစားထုတ်ကုန် ပစ္စည်းတွေကို တစ်နေရာထဲမှာ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

ymg/ei