#LocalNews
Published - 5 Feb 2022


ရခိုင်ပြည်နယ်မှာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအထိ လျှပ်စစ်မီးကို ၆၀ ရာခိုင်နှုန်းခန့် သုံးစွဲနိုင်ပြီလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကျေးရွာပေါင်း ၃၇၄၂ ရွာရှိတဲ့အနက် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအထိ ဓာတ်အားစနစ်၊ ဆိုလာစနစ်၊ ဒီဇယ်စနစ်စတဲ့နည်းလမ်းတွေနဲ့ မီးရရှိပြီး ကျေးရွာပေါင်း ၂၂၄၆ ရွာဖြစ်တဲ့အတွက် ၆၀ ရာခိုင်နှုန်းခန့် လျှပ်စစ်မီးသုံးစွဲနိုင်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

မနေ့က ဖေဖော်ဝါရီ ၄ ရက်နေ့မှာ နစကအဖွဲ့ဝင်တွေ စစ်တွေမြို့နယ် ဝါဘိုကျေးရွာကို မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး စတင်ဖြန့်ဖြူးခြင်းဖွင့်ပွဲအခမ်းအနားမှာ သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတစ်နိုင်ငံလုံးအနေနဲ့ အိမ်ထောင်စုပေါင်း ၁၀ ဒသမ ၉ သန်းကျော်အနက် အိမ်ထောင်စု ၆ ဒသမ ၆ သန်းခန့်ကို မီးရရှိတဲ့အတွက် အိမ်ထောင်စုရဲ့ စုစုပေါင်း ၆၁ ရာခိုင်နှုန်းကို ဓာတ်အားဖြန့်ဖြူးပေးနိုင်တယ်လို့ နစက အတွင်းရေးမှူးက ပြောဆိုထားတာရှိပါတယ်။

သို့ပေမယ့်လည်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လျော့နည်းလာတဲ့အတွက် ဓာတ်အားစနစ်အတွင်း ဓာတ်အားလိုအပ်ချက် ၁၄၇၀ မဂ္ဂါဝပ်ခန့်လျော့နည်းရရှိနေတာကြောင့် ရန်ကုန်မြို့အပါအဝင် နိုင်ငံအနှံ့အပြား လျှပ်စစ်ဓာတ်အားပြတ်တောက်တာတွေ ဆက်တိုက်ဖြစ်ပေါ်မယ်လို့ ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ရန်ကုန်မြို့အပါအဝင် နိုင်ငံအနှံအပြားမှာ နံနက် ၇ နာရီကနေ နေ့လယ် ၁၁ နာရီအတွင်း တစ်ချိန်၊ ညနေ ၅ နာရီကနေ ၇ နာရီအတွင်း တစ်ချိန် မီးပြတ်တောက်မယ်လို့ ကြေညာခဲ့ပါတယ်။

ymg/ ei