Published 31 January 2022

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး(၁/၂၀၂၂)ကို ဇန်နဝါရီ(၃၁)ရက်နေ့မှာ ကျင်းပပြီး နစက ရဲ့ သက်တမ်း ကို နောက်ထပ်ခြောက်လထပ်တိုးလိုက်ပါတယ်။

ယာယီသမ္မတဦးမြင့်ဆွေဦးဆောင်တဲ့ အဲဒီကောင်စီအစည်းအဝေးက  ဖွဲ့စည်းပုံ  အခြေခံဥပဒေ၊ပုဒ်မ၄၂၅ အရ နစကကို ၂၀၂၂ခုနှစ် ဇူလိုင်(၃၁)ရက်အထိသက်တမ်း တိုးပေးခဲ့ပါတယ်။အဲသလိုသက်တမ်းတိုးကြောင်းကို ယာယီသမ္မတ  ဦးမြင့်ဆွေက ကြေညာခဲ့ပါတယ်။

ဇန်နဝါရီ ၃၁ရက် ယနေ့မှာကျင်းပတဲ့ အဲဒီအစည်းအဝေးမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်တက်ရောက်လာတာတွေ့ရပြီး ဒုတိယသမ္မတ ဦးဟန်နရီဗန်ထီးယူကတော့ ကျန်းမာရေးအခြေအနေကြောင့် ခွင့်တိုင်ကြားထားတယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးကို နိုင်ငံတော်ယာယီသမ္မတ ဦးမြင့်ဆွေ၊ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ နစကဥက္ကဋ္ဌ တာဝန်ယူထားတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်၊ နစကဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချူပ်မှူးကြီး စိုးဝင်းနှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေတက်ရောက်ကြတယ်လို့သိရှိရပါတယ်။

အစည်းအဝေးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နစက ဥက္ကဋ္ဌအနေဖြင့် တစ်နှစ်တာ တာဝန်ဆောင်ရွက်ခဲ့မှုအခြေအနေတွေကိုတင်ပြခဲ့တယ်လို့ နစက,က သတင်းထုတ်ပြန်ပါတယ်။

 ပထမသက်တမ်းတစ်နှစ်အပြီးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ ခြောက်လသက်တမ်းနှစ်ကြိမ်အထိတိုးခွင့်ပြုကြောင်း ပြဋ္ဌာန်းထားတဲ့အတွက် ယခုသက်တမ်းတိုးခြင်းဟာ ပထမခြောက်လသက်တမ်းတိုးခြင်းဖြစ်ကြောင်းသိရှိရပါတယ်။