#LocalNews
Published - 30 Jan 2022

 

စစ်ကိုင်းတိုင်း ဒေသကြီး၊ တမူးမြို့တွင် ကိုဗစ်အတည်ပြုလူနာ ၂၉ ဦးအား ယနေ့(ဇန်နဝါရီ ၃၀)ရက်နေ့မှာ ထပ်မံတွေ့ ရှိခဲ့တယ်လို့ သိရပါတယ်။

 

ယနေ့တွင် တမူးပြည်သူ့ဆေးရုံကြီး၌ သံသယလူနာများအား စစ်ဆေးခဲ့ရာမှ အမျိုးသား(၂)ဦး၊အမျိုးသမီး(၉)ဦး စုစုပေါင်း(၁၁)ဦးတွင် ကိုဗစ်ပိုး တွေ့ ရှိခဲ့ခြင်းဖြစ်ပြီးဝန်ထမ်းအိမ်ယာတွင် ဆက်လက်စစ်ဆေးခဲ့ရာမှ အမျိုးသား(၁၀)ဦး၊ အမျိုးသမီး(၈)ဦး စုစုပေါင်း(၁၈)ဦးတို့တွင် အတည်ပြုရောဂါပိုး တွေ့ ရှိခဲ့တာဖြစ်တယ်လို့
သိရပါတယ်။

 

ထိုကြောင့် ယနေ့ မွန်းတည့် (၁၂)နာရီ အချိန်အထိ တမူးမြို့မှာ ကိုဗစ် အတည်ပြုလူနာ (၂၉)ဦးကို ထပ်မံ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

 

ဇန်နဝါရီ ၂၈ ရက်နေ့က ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ စစ်ကိုင်းတိုင်းအတွင်းရှိ တမူးမြို့ မှ ၄၈ ဦးနှင့် ကလေးမြို့မှ ၂၀ ဦးတို့တွင် အိုမီခရွန်ဗီဇပြောင်းပိုးကို တွေ့ ရှိခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းကူးစက်မှုတွေ စတင်ရှိလာခဲ့တာပါ။

 

အိုမီခရွန်ကူးစက်မှုတွေ စတင်ရှိခဲ့တဲ့ တမူးမြို့ မှာ သံသယလူနာတွေ အပါအဝင် ဈေး တွေ ၊ကျောင်းတွေမှာ ကိုဗစ်စစ်ဆေးခြင်းလုပ်ငန်းစဉ်တွေကို ကျန်းမာရေးဌာနက ဆက်လက်ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

 

အဆိုပါ ဓါတ်ခွဲစစ်ဆေးမှုတွေအရ တမူးမြို့ မှာ (ဇန်နဝါရီလ ၂၄ ရက်နေ့)တစ်ရက်ထဲမှာပင် ကိုဗစ်အတည်ပြုလူနာ ၅၉ ဦးကို စတင်တွေ့ ရှိခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်း ၄ ရက်အကြာ (ဇန်နဝါရီလ ၂၇ ရက် နေ့)မှာ ကိုဗစ်အတည်ပြုလူနာသစ် ၂၄ ဦး၊ (ဇန်နဝါရီလ ၂၈ ရက်နေ့)တွင် ကိုဗစ်အတည်ပြုလူနာ ၂၉ ဦးနှင့် ယနေ့(ဇန်နဝါရီလ ၃၀ ရက်နေ့)တွင် ကိုဗစ်အတည်ပြု လူနာသစ် ၂၉ ဦးတို့ကို ထပ်မံတွေ့ ရှိခဲ့တာဖြစ်ပါတယ်။

 

ဒါ့အပြင် မူလက တမူးပြည်သူ့ဆေးရုံမှာ ကိုဗစ်လူနာ ၂၉ ဦးရှိတာကြောင့် ယနေ့အထိ တမူးမြို့ မှာ ကိုဗစ်လူနာစုစုပေါင်း(၁၇၀) ဦးအထိ ရှိလာခဲ့ပြီး ထိုအထဲကမှ
အိုမီခရွန်ရောဂါပိုးတွေ့ ရှိသူက (၄၈) ဦးအထိ ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

 

ဒါကြောင့် တမူးမြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် မြို့နေဒေသခံ ပြည်သူ/သားများ၊ ကျောင်းသား/သူများ၊မဖြစ်မနေခရီးသွားရမည့်သူများ/သံသယလူနာများအား ကိုဗစ် ၁၉ ရောဂါပိုးစစ်ဆေးခြင်းတွေကို ဆက်လက်ဆောင်ရွက်ပေးနေပြီး တမူးမြို့ဒေသခံများအနေဖြင့် မိမိတို့ကျန်းမာရေးအတွက် စစ်ဆေးလိုပါကလည်း ပြည်သူ့ဆေးရုံကြီးတွင် လာရောက်အစစ်ဆေးမှုခံယူနိုင်တယ်လို့ ကျန်းမာရေးဌာနက အသိပေးနှိုးဆော်ထားပါတယ်။

 

ဓါတ်ပုံ - တမူးဇွဲမာန်

ymg/kg
#Yangon_Media_Group