#LocalNews
Published - 30 Jan 2022

 

စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် -ကမ္ဘာ့ငြိမ်းချမ်းရေးသံတမန်ရဟန်းတော် IBEC ဆရာတော် ဒေါက်တာအရှင်သောဘိတသည် ဒီကနေ့ ဇန်နဝါရီလ(၃၀)ရက်၊
ဒေသစံတော်ချိန်နံနက်(၁၀)နာရီ(၁၅)မိနစ် အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဥရောပနိုင်ငံများသို့ ငြိမ်းချမ်ရေးခရီးစဉ်အဖြစ် စတင်ကြွချီထွက်ခွာသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။

 

"ဘုန်းဘုန်းသွားမယ့်ခရီးစဉ်က တချို့ ငြိမ်းချမ်းရေးကိစ္စတွေပါပါတယ်။ နိုင်ငံတကာသာသနာပြုခရီးဆိုလည်း မမှားဘူး။ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက် ရေးလုပ်ငန်းတွေအတွက် ကမ္ဘာကြီးရဲ့ အားတွေ တစ်ပိုင်းတစ်စ ဘုန်းဘုန်းသွားရင်းလာရင်းနဲ့ဆွေးနွေးမယ်၊ ပြောသင့်ပြောထိုက်တဲ့စကားတွေကို ပြောမှာရှိပါတယ်။

 

တချို့ဟာ တွေကိုတော့ Public ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်တည်ဆောက်ရေး ဒါ့အပြင် တိုင်းပြည် ပြန်လည်တည်ဆောက်ဖို့ ကြိုးစားတဲ့ နေရာမှာ ဘုန်းဘုန်းရဲ့ ခရီးစဉ်က တစ်စိတ်တစ်ပိုင်းပါပါတယ်။"လို့ IBEC ဆရာတော်က ယမန်နေ့က IBEC ကျောင်းတိုက်ရှိ တပည့်သာဝကများ၊ သင်တန်းသူ/သားများနှင့် တွေ့ဆုံစဉ်မှာ သြဝါဒမိန့်ကြားခဲ့တာဖြစ်ပါတယ်။

 

အဆိုပါ IBEC ဆရာတော်၏ ဥရောပတိုက်နိုင်ငံများ ငြိမ်းချမ်းရေးခရီးစဉ်ဟာ (၁)လကြာမြင့်မှာဖြစ်တယ်လို့ သိရပါတယ်။

 

IBEC ဆရာတော်၏ ဥရောပတိုက်နိုင်ငံများ ငြိမ်းချမ်းရေးခရီးစဉ်အတွင်း မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အာဆီယံဒေသတွင်းနှင့် ဥရောပသမဂ္ဂအတွင်း အပြုသဘောဆောင်မူပြရုပ်များကို ဆောင်ရွက်ကြရန် ငြိမ်းချမ်းရေးသတင်းစကားများ ပြောကြားမှာဖြစ်တယ်လို့လည်း International Buddhist Education Center(သတင်းထုတ်ပြန်ရေးအဖွဲ့) က သတင်းထုတ်ပြန်ထားပါတယ်။

 

ဓါတ်ပုံ - International Buddhist Education Center(သတင်းထုတ်ပြန်ရေးအဖွဲ့)

 

ymg/kg
#Yangon_Media_Group