#LocalNews
Published - 29 Jan 2022

 

စစ်ကိုင်းတိုင်း ဒေသကြီး၊ တမူးမြို့တွင် ကိုဗစ်အတည်ပြုလူနာ ၂၉ ဦးအား ယမန်နေ့(ဇန်နဝါရီ ၂၈)ရက်မှာ ထပ်မံတွေ့ ရှိခဲ့တယ်လို့ တမူးမြို့ဒေသခံများထံမှ သိရပါတယ်။

 

"အခုက ကိုဗစ်စစ်တာတွေကို တစ်မြို့လုံးမှာ လုပ်ဆောင်ပေးနေပါတယ်။ မနေ့က စစ်ဆေးမှုမှာတော့ ကိုဗစ်လူနာ ၂၉ ဦးထပ်တွေ့တယ်လို့ သိရပါတယ်။ မနေ့က ကျန်းမာရေးဌာနထုတ်ပြန်ချက်အရဆိုရင် အိုမီခရွန်တွေ့တဲ့သူတွေကလည်း တမူးမှာ ၄၈ ဦး လောက်ရှိနေတယ်။ အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ စစ်တာနဲ့ ကိုဗစ်ပိုးတွေ့သလိုဖြစ်နေတယ်။ ဒါပေမယ့် ကိုဗစ်အိုမီခရွန်ဖြစ်ပွားတဲ့သူတွေရဲ့ ရောဂါလက္ခဏာက ပြင်းထန်မှုမရှိတာကို တွေ့ရပါတယ်။ သာမန်နှာစေးချောင်းဆိုးပေါ့ အဲ့လောက်ပဲတွေ့ရတယ်။ အခုက ရန်ကုန်ကလာတဲ့ ဓါတ်ခွဲအဖြေတွေအရ ဒီမှာအိုမီခရွန်ဖြစ်တာလည်းရှိနေတော့ အခုလက်ရှိက ရောဂါကာကွယ်ထိန်းချုပ်ရေးတွေကိုပဲ ဦးစားပေးလုပ်ဆောင်ပေးနေပါတယ်။"လို့ တမူးမြို့ဒေသခံတစ်ဦးက YMG ကို ပြောပြခဲ့ပါတယ်။

 

ဒါကြောင့် တမူး၊ ကလေးမြို့တို့နဲ့ ဆက်စပ်လျက်ရှိတဲ့ အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်တွေအပါအဝင် မြို့အဝင်/အထွက်ဂိတ်များအားလုံးကို လာမည့် ဖေဖော်ဝါရီ ၁ ရက်နေ့အထိ ခေတ္တယာယီပိတ်ထားလိုက်ပြီဖြစ်တယ်လို့လည်း သိရပါတယ်။

 

ယမန်နေ့က ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ စစ်ကိုင်းတိုင်းအတွင်းရှိ တမူးမြို့မှ ၄၈ ဦးနှင့် ကလေးမြို့မှ ၂၀ ဦးတို့တွင် အိုမီခရွန်ဗီဇပြောင်းပိုးကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းကူးစက်မှုတွေ စတင်ရှိလာခဲ့တာပါ။

 

အိုမီခရွန်ကူးစက်မှုတွေ စတင်ရှိခဲ့တဲ့ တမူးမြို့မှာ သံသယလူနာတွေအပါအဝင် စျေးတွေကျောင်းတွေမှာ ကိုဗစ်စစ် ဆေးခြင်းလုပ်ငန်းစဥ်တွေကို ကျန်းမာရေးဌာနက ဆက်လက်ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

 

အဆိုပါ ဓါတ်ခွဲစစ်ဆေးမှုတွေအရ တမူးမြို့မှာ (ဇန်နဝါရီလ ၂၄ )ရက်နေ့ တစ်ရက်ထဲမှာပင် ကိုဗစ်အတည်ပြုလူနာ ၅၉ ဦးကို စတင်တွေ့ ရှိခဲ့ခြင်းဖြစ်ပြီး အဲ့ဒီလိုတွေ့ရှိပြီး နောက်ပိုင်း ၄ ရက်အကြာ (ဇန်နဝါရီလ ၂၇)ရက်မှာ ကိုဗစ်အတည်ပြု လူနာသစ်၂၄ ဦးကို ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။

 

အဲ့ဒီနောက်ပိုင်း ထပ်မံစစ်ဆေးမှုတွေအရ (ဇန်နဝါရီလ ၂၈)ရက်နေ့မှာ ကိုဗစ်အတည်ပြုလူနာ ၂၉ ဦးကို ထပ်မံတွေ့ရှိခဲ့တာပါ။

 

ဒါ့အပြင် မူလက တမူးပြည်သူ့ဆေးရုံမှာ ကိုဗစ်လူနာ ၂၉ ဦးရှိတာကြောင့် ယနေ့အထိ တမူးမြို့ မှာ ကိုဗစ်လူနာစုစုပေါင်း(၁၄၁)ဦးအထိ ရှိလာခဲ့ပြီး အဲ့ဒီထဲကမှ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူက(၄၈)ဦးအထိ ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

 

ဓါတ်ပုံ - တမူးဇွဲမာန်

YMG/kg
#Yangon_Media_Group