#LocalNews
Published-27 Jan 2022

 

တောင်တရုတ် ပင်လယ်ဗုဒ္ဓဘာသာအဖွဲ့အစည်းကိုယ်စား တရုတ်ကုန်သည်ကြီးများမှပေးပို့လှူဒါန်းသော ကိုဗစ်ကာကွယ်ဆေးများကို ဆရာတော်၊သံဃာတော်များစတင်ထိုးနေပြီလို့ သိရပါတယ်။

 

ဇန်နဝါရီလ ၁၃ ရက်နေ့က Shenzhen ဗုဒ္ဓဘာသာအဖွဲ့ အတွင်းရေးမှူး၊ တောင်တရုတ် ပင်လယ်တရုတ်ဗုဒ္ဓဘာသာအဖွဲ့အစည်း ဒုတိယဥက္ကဋ္ဌ Hon fa ဘုန်းတော်ကြီးကျောင်းဆရာတော် Venerable Master Yin Shun ကိုယ်စား တရုတ်ကုန်သည်ကြီးများအသင်းက မဟာနာယက ကျောင်းတော်ကြီးတွင် သီတင်းသုံးတော်မူလျက်ရှိကြသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသအမှူးပြုသော ဆရာတော်ကြီးများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၅,၀၀၀ စာ လှူဒါန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဆရာတော်ကြီးများ၏ သြဝါဒ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏လမ်းညွှန်မှုအရ Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းကို ဇန်နဝါရီလ၂၆ ရက်နေ့ နေ့လည် (၁၂)နာရီအချိန်တွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာနာယက ကျောင်းတော်ကြီး၏ဘုရားခန်းမ၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တာဝန်ကျ(ပထမအဖွဲ့ခွဲ) ဆရာတော်ကြီး(၉)ပါးအားလည်းကောင်း၊ နေ့လည်(၁)နာရီအချိန်တွင် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်) သမဝါယမတန်ဆောင်း၌ ထေရဝါဒဗုဒ္ဓသာသနာပြုသြဝါဒါစရိယဆရာတော်ကြီး များနှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) သင်ကြား/စီမံ၊ စာသင်သားသံဃာတော် (၂၄၉)ပါးတို့အားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့တယ်လို့ သိရပါတယ်။

 

ဇန်နဝါရီလ ၂၇ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၌ တက္ကသိုလ် သင်ကြား/စီမံ၊ စာသင်သားသံဃာတော်(၁၂၈)ပါးကိုလည်းကောင်း၊ ဇန်နဝါရီလ၂၈ ရက်နေ့တွင် ရွှေတိဂုံစေတီတော် ရှေးဟောင်းတန်ဆောင်း၌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏သြဝါဒါ စရိယဆရာတော်ကြီးများ၊ ပစ္ဆာသမဏများ၊ စုစုပေါင်း(၂၂)ပါးတို့ကိုလည်းကောင်း ကာကွယ်ဆေးထိုးနှံသွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

ထို့အပြင် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့(၄၇)ပါးစုံညီ ဒသမအစည်းအဝေးနဲ့ အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ တတိယနှင့် စတုတ္ထအစည်းအဝေးများကို ကြွရောက်မယ့် နိုင်ငံတော်သြဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာ နာယကဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီးများ၊ စုစုပေါင်း(၅၁၄)ပါးအား လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့မှ ပရိယတ္တိစာသင်တိုက်ကြီးများရှိ သံဃာတော်များနှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)သင်ကြား/စီမံ၊ စာသင်သားရဟန်း/သာမဏေများ စုစုပေါင်း(၄,၀၇၈)ပါးတို့ကို Sinopham ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံသွားမယ်လို့ သိရပါတယ်။

 

YMG/hm
#Yangon_Media_Group