Published 26 January 2022

နစကဥက္ကဋ္ဌဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာဟွန်ဆန်တို့ဟာ ဇန်နဝါရီ ၂၆ရက် ယနေ့မှာ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံပြီး အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ချက် အကောင်အထည် ဖော်နေတဲ့အခြေအနေတွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ထိုကဲ့သို့ဆွေးနွေးကြတာဟာ မွန်းလွဲ(၂)နာရီကနေ (၃)နာရီခွဲအထိ တစ်နာရီခွဲကြာကြာမြင့်ခဲ့တယ်လို့ နစကသတင်း ထုတ်ပြန်  ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချူပ်ဇော်မင်းထွန်းက YMG ကိုအတည်ပြုပြောကြားပါတယ်။

“အဓိကကတော့ (၇)ခုဆွေးနွေးခဲ့ပါတယ်။ အာဆီယံဘုံသဘောတူညီချက်(၅)ရပ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေတွေ အဲဒီမှာတော့ (၂)ချက်ကို ဦးစားပေးပြီးဆွေးနွေးတယ်။(၁)ကတော့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် အကြမ်းဖက်မှုရပ်တန့်ရေး။ကျွန်တော်တို့က တစ်နှစ်အပစ်အခတ်ရပ်စဲထားတဲ့အကြောင်းဆွေးနွေးခဲ့တယ်။နောက်တစ်ခုက လူသားချင်း စာနာထောက်ထားမှုအကူအညီပေးရေးအခြေအနေ။မြန်မာနိုင်ငံထဲမှာရှိတဲ့ မည်သည့်အရပ်ဒေသအတွက််မဆို အကူအညီ ပေးရေးပစ္စည်းတွေရောက်ရှိနိုင်အောင် အစိုးရအနေနှင့် ဆောင်ရွက်ပေးမယ်ဆိုတာဆွေးနွေးခဲ့ပါတယ်” လို့ ဗိုလ်ချူပ် ဇော်မင်းထွန်းက ပြောပါတယ်။

အဲဒီအပြင် အာဆီယံနိုင်ငံများအတွင်းမှာ အပြုသဘောဆောင်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေ ဆောင်ရွက်ရန်လိုအပ်တဲ့ အကြောင်းလည်းဆွေးနွေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ အာဆီယဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်မြန်မာနိင်ငံကိုစေလွှတ် သွားမယ့်အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့လည်း ဗိုလ်ချူပ်ဇော်မင်းထွန်းကဖြည့်စွက်ပြောပါတယ်။

“ ကမ္ဘောဒီးယားနိုင်ငံအနေနှင့် အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေးအပြီးမှာ အာဆီယံကိုယ်စားလှယ်ကို စေလွှတ်ဖို့ ရည်မှန်းထားပါတယ်။ ကျွန်တော်တို့အနေနှင့်ကတော့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံ အခြေအနေနှင့်ပတ်သက်လို့ ဆွေးနွေးရင် ဆွေးနွေးလို့ ရနိုင်အောင်လို့အတွက် အစည်းအဝေးမတိုင်ခင်မှာ မြန်မာနိုင်ငံကို လာချင်တယ်ဆိုလည်း လာလို့ရတဲ့အကြောင်း ဖိတ်ခေါ်ခဲ့ပါ့တယ်” လို့ သူက YMG ကို ဆက်ပြော ပါတယ်။

အဲဒီအပြင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန်လာရောက်ရေးကိစ္စတွေကိုလည်း နစကဥက္ကဋ္ဌနှင့် ကမ္ဘောဒီးယားဝန်ကြိးချုပ်တို့ ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်က နစကဥက္ကဋ္ဌကို အာဆီယံခေါင်းဆောင်များထိပ်သီးအစည်းအဝေး ဖိတ် တယ်ဆိုတာ ဟုတ်တယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြုပေးပါတယ်။

“ ဒါပေမယ့် မြန်မာနိုင်ငံအနေနှင့်ပတ်သက်ပြီး အင်ဒိုနီးရှား၊မ‌လေးရှား၊စင်္ကာပူတို့က အဓိကကတော့ အဲဒီသုံးနိုင်ငံပါ သူတို့က အာဆီယံဥက္ကဋ္ဌကိုဖိအားပေးနေတယ်၊ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ခရီးစဉ်နှင့်ပတ်သက်လို့ ဝေဖန်မှုတွေရှိတယ်။မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုမှုနှင့်ပတ်သက်လို့ နိုင်ငံရေးမဟုတ်တဲ့ ကိုယ်စားလှယ်ကိုပဲဖိတ်ဖို့ ဖိအားပေးနေတာတွေရှိတဲ့ကြောင်း မစ္စတာ ဟွန်ဆန်ကပြောသွားပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက အာဆီယံရဲ့လက်ရှိအနေအထားနှင့်ပတ်သက်လို့ ဆွေးနွေး ခဲ့တာတွေကို YMGကိုပြောပါတယ်။

ထိပ်သီးအစည်းအဝေးကြီးက ပုံမှန်အချိန်ဇယားအတိုင်း ကျင်းပသွားမှာဖြ်ပြီး အဲဒါမတိုင်ခင် အာဆီယံနိုင်ငံခြားရေးဝန်ကြီး တွေရဲ့အစည်းအဝေးဟာ ဖေဖော်ဝါရီလလယ်လောက်မှာ လုပ်ဖြစ်နိုင်ဖို့လည်း ခန့်မှန်းထားကြတာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို လောလောဆယ် ဖျက်သိမ်းပစ်ဖို့အကြောင်းမရှိဘူးလို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်း က ထပ်မံအတည်ပြုပြောဆိုပါတယ်။

“ အင်န်အယ်လ်ဒီပါတီတစ်ခုလုံးက အစိုးရကိုဆန့်ကျင်တဲ့အထဲ အကြမ်းဖက်တဲ့အထဲပါနေတာမဟုတ်ပါဘူး။ အမတ်ဟောင်း တွေအနေနှင့်လည်း လေးပုံတစ်ပုံလောက်ကပဲ NUG တို့ CRPH တို့နှင့်ပေါင်းကြီး အကြမ်းဖက်လုပ်တာတွေ၊ အားပေး  အားမြှောက်လုပ်တာတွေလုပ်နေကြတာပါ။ကျန်တဲ့လေးပုံသုံးပုံက မြန်မာနိုင်ငံထဲမှာရှိပါတယ်။ဒါကြောင့် တည်ဆဲ  ဥပဒေများ  အရ အင်န်အယ်လ်ဒီသည် တရားဝင်တည်ဆဲပါတီဖြစ်ပါတယ်။ လောလောဆယ်ဖျက်သိမ်းဖို့ အကြောင်းမရှိပါဘူး၊ ၂၀၂၃ မှာ ဖြစ်လာဖို့ကြိုးစာနေတဲ့ ရွေးကောက်ပွဲနှင့်ပတ်သက်လို့က ပြောဖို့စောပါသေးတယ်။ဒါတော့ UEC ကဆုံးဖြတ်ပါလိမ့်မယ်” လို့ သူကရှင်းပြပါတယ်။

ပြည်တွင်းမှာရှိနေတဲ့သူတွေထဲက အင်န်အယ်လ်ဒီ ထိပ်တန်းခေါင်းဆောင်တွေကို သံတမန်တွေလာတဲ့အခါ တွေ့ဆုံပေးနေတာ တွေရှိနေပါတယ်လို့လည်း ဗိုလ်ချူပ်ဇော်မင်းထွန်းက ထုတ်ဖော်ပြောကြားသွားပါတယ်။