#LocalNews
Published - 26 Jan 2022

 

လားရှိးမြို့၊ မန်ဆူကားကွင်းရှေ့တွင် ထိခိုက်ဒဏ်ရာရရှိသူအား သိရှိပါက အမြန်ဆုံးဆက်သွယ်အကြောင်းကြားဖို့ ဒေသခံလူမှုကူညီရေးအဖွဲ့ဖြစ်တဲ့ လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့က မေတ္တာရပ်ခံထုတ်ပြန်ထားပါတယ်။

 

ဖြစ်စဉ်မှာ ဒီကနေ့(ဇန်နဝါရီ ၂၆)ရက်၊ မွန်းလွဲပိုင်းအချိန်က လားရှိုးမြို့၊ ပြည်ထောင်စုလမ်းမကြီး၊ မန်ဆူကားကွင်းရှေ့တွင် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာများဖြင့် သွေးအိုင်ထဲလဲနေသောကြောင့် ကူညီပေးနိုင်ပါရန် ဆက်သွယ် အကြောင်းကြားလာမှုအရ လားရှိးလူငယ်များ လူမှုကူညီရေးအဖွဲ့က သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

 

"အခြေအနေက ဘယ်လိုဖြစ်ကြလဲဆိုတာ ကျွန်တော်တို့လည်းမသိပါဘူး။ သူက သွေးသံတရဲရဲနဲ့ အဲ့မှာလဲနေလို့ ကျွန် တော်တို့က သွားရောက်ကူညီပေးတာပါ။ သူဘာတွေဖြစ်ခဲ့လဲဆိုတာ ကျွန်တော်တို့လည်း သေချာမသိရပါဘူး။ လက်က အတော်ထိသွားတာပေါ့။ သွေးထွက်လည်း အတော်များတယ်၊ ကျွန်တော်တို့ ဆေးရုံကိုပဲပို့ဆောင်ပေးခဲ့ပါတယ်။"လို့ လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါတယ်။

 

အဆိုပါ လူမှုကူညီရေးအဖွဲ့က အခင်းဖြစ်ပွားရာနေရာသို့ရောက်ရှိချိန်တွင် သွေးထွက်လွန်နေပြီး ထိခိုက်ဒဏ်ရာများရရှိသူ အမျိုးသားလူနာအားသယ်ဆောင်၍ လားရှိုးပြည်သူ့ဆေးရုံကြီး(အရေးပေါ်)ဌာနသို့ ကူညီပို့ဆောင်ပေးခဲ့ရတာပါ။

 

ဒါ့အပြင် ထိခိုက်ဒဏ်ရာရရှိသူမှာ(အမည်/နေရပ်)မသိရှိရသေးသည့်အတွက် ထိခိုက်ဒဏ်ရာရရှိသူအား သိရှိပါက မိသားစုဝင်များထံသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားပေးဖို့ကိုလည်း အဆိုပါ လူမှုကူညီရေးအသင်းက မေတ္တာရပ်ခံ ပန်ကြားထားပါတယ်။

 

ဓါတ်ပုံ - လားရှိုးမြို့၊ လူမှုကူညီရေးအဖွဲ့။

YMG/kg
#Yangon_Media_Group