#LocalNews

Published - 26 Jan 2022

 

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် ဇန်နဝါရီလ ၂၅ ရက် ညပိုင်းက တရားမဝင်ဖွင့်လှစ်ထားသည့် ကာစီနိုရုံမှ လူဦးရေ တစ်ရာ့ငါးဆယ်ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှတာဝန်ရှိသူက ရန်ကုန်တိုင်းမ်ကို ပြောသည်။

 

"သူတို့က အထဲမှာလောင်းကစားတွေ ၊ ကာစီနိုတွေ တရားမဝင်လုပ်နေတာဆိုတဲ့ သတင်းကိုရတယ်။ဒါကြောင့် ဝင်ဖမ်းတာ အခု လူတစ်ရာ့ငါးဆယ်ကျော်တယ်။သူတို့ကို လောင်းကစားအက်ဥပဒေအရ အရေးယူတာတွေ ဆက်လုပ်မယ်။တရုတ်နိုင်ငံသားတွေ အယောက် ၅၀ ကျော် ၆၀ လောက်တော့ ရှိမယ်။ကျန်တာတွေက နိုင်ငံသားတွေ"ဟုယင်းကပြောသည်။

 

အဆိုပါ ကာစီနိုရုံကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်တွင် တရုတ်နိုင်ငံသားများက မြန်မာတော်ဝင်ကျောက်စိမ်းစင်တာကုမ္ပဏီလိမိတက်အမည်ဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း၊တရုတ် နိုင်ငံသား ၆၀ ဦးခန့် ၊ မြန်မာနိုင်ငံသား ကာစီနိုရုံဝန်ထမ်းများ၊လာရောက်ကစားသူများ တစ်ရာခန့် ပါဝင်ကြောင်း သိရသည်။

 

လက်ရှိတွင် အဆိုပါ ဖမ်းဆီးရမိသူများအား လောင်းကစားဥပဒေပုဒ်မ ၁၈(က) ၊ ၁၉(က)တို့ဖြင့် အမှုဖွင့်ထားကြောင်း ၊ ပုဒ်မ၁၈(က) အရ မည်သူမဆို ပုဒ်မ ၁၁ ပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးတစ်နှစ်မှ အများဆုံးသုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ် တစ်သိန်းမှ အများဆုံး ကျပ် ငါးသိန်းအထိ ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း၊ထို့အပြင် ပြစ်မှုနှင့် အကျုံးဝင်သော သက်သေခံပစ္စည်းနှင့်ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

ပုဒ်မ ၁၉(က) တွင် ပုဒ်မ ၁၂ သို့မဟုတ် ပုဒ်မ ၁၃ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးခြောက်လမှ အများဆုံးတစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်ငါးသောင်းမှ အများဆုံး ကျပ်တစ်သိန်းအထိ ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်းနှင့် ပြစ်မှုနှင့် အကျုံးဝင်သော သက်သေခံပစ္စည်းနှင့် ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

YMG/mt
#Yangon_Media_Group