#LocalNews
Published - 25 Jan 2022

 

သေဒဏ်ချမှတ်ခြင်းကို ဖျက်သိမ်းပြီး နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်နိုင်ငံသံရုံးက ဒီကနေ့(ဇန်နဝါရီ ၂၅)ရက်မှာ ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

 

ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ (၈၈)မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကျော်မင်းယု(ခေါ် )ဦးဂျင်မီ နှင့် လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဦးဖြိုးဇေယျာသော်တို့အား သေဒဏ်ချမှတ်လိုက်ပြီးနောက် သေဒဏ်ချမှတ်ခံရသူ (၄၅)ဦးထိ ရှိလာသည့်အတွက် အသက်ရှင်သန်ခွင့်အား လေးစားလိုက်နာခြင်းသည် လူ့အခွင့်အရေး၏ အဓိကအချက်ဖြစ်ကြောင်းနှင့် ဆွီဒင်နိုင်ငံအနေဖြင့် ထပ်လောင်း သတိပေးလိုကြောင်း အဆိုပါထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဆွီဒင်နိုင်ငံနှင့် ဥရောပသမဂ္ဂအနေဖြင့် ကမ္ဘာလုံးအတိုင်းအတာ သေဒဏ်ဖျက်သိမ်းရေးအား ကြိုးပမ်းလုပ်ဆောင်နေသည်နှင့်အညီ မည်သည့်အကြောင်းအရာပုံစံမျိုးနှင့်မဆို သေဒဏ်ချမှတ်ခြင်းအား ရှုံချကန့်ကွက်တယ်လို့လည်း ဆွီဒင်သံရုံးက ဆိုပါတယ်။

 

ဒါ့အပြင် သေဒဏ်ချမှတ်ခြင်းအား ဖျက်သိမ်းခြင်းနှင့်အတူ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရမယ်လို့လည်း ဆွီဒင်သံရုံးက တောင်းဆိုလိုက်တာပါ။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်နှင့် (၈၈) ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီတို့နှစ်ဦးကို ယခု(ဇန်နဝါရီလ ၂၁)ရက် နေ့က စစ်ခုံရုံးတွေက သေဒဏ်အသီးသီးချမှတ်ခဲ့တာပါ။

 

သူတို့နှစ်ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ)နှင့် ၅၀(ည) တို့အရ သေဒဏ်ချမှတ်ခဲ့တဲ့အကြောင်းကို နစကရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က အဆိုပါနေ့တွင် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။

 

၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်း စစ်ခုံရုံးတွေကနေ ပြစ်ဒဏ်ချမှတ်ခံကြရသူများထဲတွင် ဦးဖြိုးဇေယျာသော်နှင့် ဦးဂျင်မီတို့မှာ လူသိထင်ရှားမှုအရှိဆုံးသူ နှစ်ဦးဖြစ်ပါတယ်။

ymg/kg
#Yangon_Media_Group