#LocalNews
Published - 26 Jan 2022

 

ယာဥ်တိုက်မှုကြောင့် ကားခေါင်းထဲညှပ်မိနေသည့် ယာဥ်မောင်းကို မီးသတ်တပ်ဖွဲ့က ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရသည့်ဖြစ်စဥ်တစ်ခု ယမန်နေ့(ဇန်နဝါရီလ ၂၅)ရက်၊ ညပိုင်းအချိန်က ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်မှာ ဖြစ်ပွားခဲ့တာပါ။

 

အဆိုပါယာဥ်တိုက်မှုဟာ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ သံသုမာလမ်းပေါ်၊ မြင်သာဈေးရှေ့တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရပ်ထားသော အမှိုက်သိမ်းယာဉ်အား NISSAN VANETTE (အဖြူရောင်)ယာဉ်က နောက်ကနေ ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့တာပါ။

 

ယင်းယာဥ်တိုက်မှုကြောင့် NISSAN VANETTE (အဖြူရောင်)ယာဥ်၏ ယာဥ်မောင်းဖြစ်သူမှာ ကားခေါင်းခန်းအတွင်းမှာ ညှပ်မိနေခဲ့တာပါ။

 

ထို့ကြောင့် တောင်ဥက္ကလာပမြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်တွေ အပါအဝင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နဲ့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေက ယာဥ်တိုက်မှုဖြစ်ပွားရာသို့ သွားရောက်ပြီး ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့မှုကြောင့် ကားခေါင်းအတွင်းညှပ်မိနေတဲ့ ယာဥ်မောင်းဖြစ်သူကို ည ၉ နာရီအချိန်ခန့်မှာ အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့တာပါ။

 

ကယ်ထုတ်ရရှိခဲ့သည့် အဆိုပါယာဥ်မောင်းကို မေတ္တာရေစင် လူမှုကူညီရေးယာဉ်ဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ အချိန်မီ ကူညီပို့ဆောင်ပေးခဲ့တယ်လို့လည်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

Photo - MFSD

YMG/kg
#Yangon_Media_Group