#LocalNews
Published - 25 Jan 2022

 

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် တစ်ရက်အတွင်း ကိုဗစ်လူနာသစ်(၅၉)ဦးအား တွေ့ရှိခဲ့တယ်လို့ တမူးမြို့ဒေသခံများထံမှ သိရပါတယ်။

 

အဆိုပါ ကိုဗစ်လူနာသစ်များကို ယမန်နေ့(ဇန်နဝါရီ ၂၄)ရက်နေ့က တွေ့ရှိခဲ့ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

 

တမူးမြို့၊ အ.ထ.က(၂)ကျောင်း ဆရာ/မ၊ ကျောင်းသူ/သားများ အပါအဝင် ကျောင်းသားမိဘ(၅၃)ဦးနဲ့ တမူးမြို့ဆေးရုံ၌ ကိုဗစ်ပိုးတွေ့သူ (၆)ဦးတို့ကို တွေ့ရှိခဲ့ရတာဖြစ်လို့ တစ်ရက်အတွင်းမှာပင် ကိုဗစ်လူနာသစ် (၅၉)ဦးအထိ တွေ့ ရှိခဲ့ရတာလည်း ဖြစ်ပါတယ်။

 

"တမူးမြို အ.ထ.က (၂)စာသင်ကျောင်းတွင် COVID-19 ပိုးစစ်ဆေးခဲ့ရာမှ ရောဂါပိုးရှိသူတွေကို တွေ့ ရှိခဲ့ရခြင်းဖြစ်ပါတယ်။ ကျောင်းမှာတွေ့တာက ၅၃ ဦးပါ။ တမူးမြို့ ပြည်သူ့ဆေးရုံမှာလည်း သံသယ လူနာများကို စစ်ဆေးခဲ့ရာမှာ အတည်ပြုလူနာ(၆)ဦးကို တွေ့ရှိခဲ့ရခြင်းဖြစ်ပါတယ်။ အ.ထ.က (၂) ကျောင်းမှာတွေ့ရှိတဲ့ ကိုဗစ်လူနာတွေကိုတော့ အဲ့ဒီကျောင်းမှာပဲ စောင့်ရှောက်လျက်ရှိပါတယ်။"လို့ တမူးမြို့ ဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။

 

ဒါ့အပြင် မူလက တမူးပြည်သူ့ဆေးရုံမှာ ကိုဗစ်လူနာ ၂၉ ဦးရှိတာကြောင့် လက်ရှိအချိန်အထိ တမူးမြို့ မှာ ကိုဗစ်လူနာစုစုပေါင်း (၈၈)ဦးရှိလာပြီး ၄င်းတို့ကို ဆေးကုသမှုတွေကို ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။

 

ထို့အတူ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါမျိုးရိုးဗီဇပြောင်းရောဂါပိုးဖြစ်တဲ့ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူဟာလည်း ယနေ့အထိဆိုပါက (၁၈၃) ဦးအထိရှိပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ထားတဲ့အချက်အလက်တွေအရ သိရပါတယ်။

 

ဓါတ်ပုံ - တမူးဇွဲမာန်

ymg/kg
#Yangon_Media_Group