#LocalNews
Published- 24 Jan 2022

 

ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်ရောဂါမျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်းကိုဆောင်ရွက်လျက်ရှိရာ ပြည်ပမှပြန်လည်ဝင်ရောက်လာသူများထဲမှ ကိုဗစ်ရောဂါပိုးတွေ့ရှိသူများအနက် မျိုးရိုးဗီဇပြောင်းရောဂါပိုးတွေရှိနိုင်ကြောင်း သံသယဖြစ်ဖွယ်နမူနာများကိုစစ်ဆေးခဲ့ရာ ယနေ့(ဇန်နဝါရီလ ၂၄)ရက်နေ့တွင် အိုမီခရွမ် ဓါတ်ခွဲနမူနာ ၃၇ ခုတွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

 

အဆိုပါ အိုမီခရွန်တွေ့ရှိသူများမှာ မြန်မာနိုင်ငံသား ၃၆ ဦးနှင့် နိုင်ငံခြားသား ၁ ဦးတို့ဖြစ်ပြီး Relief Flight များဖြင့် ဝင်ရောက်လာသူများဖြစ်ပါတယ်။

 

အိုမီခရွန်ရောဂါပိုးတွေ့ရှိခဲ့သည့် Relief Flight ဖြင့် ဝင်ရောက်လာသူတွေဟာ ယူအေအီးနိုင်ငံမှ ၁၅ ဦး၊ မလေးရှားနိုင်ငံမှ ၇ ဦး၊ဖိလစ်ပိုင်နိုင်ငံမှ ၆ ဦး၊ အိန္ဒိယနိုင်ငံမှ ၆ ဦး၊ ကိုရီးယားနိုင်ငံမှ ၄ ဦး၊ စင်ကာပူနိုင်ငံမှ ၃ ဦး၊ ထိုင်းနိုင်ငံမှ ၁ ဦးနှင့် ရုရှားနိုင်ငံမှ ၁ ဦးတို့ဖြစ်တယ်လို့ သိရပါတယ်။

 

အဆိုပါ အိုမီခရွမ်ပိုးတွေ့ရှိသူများကို သီးသန့်ခွဲကာ စောင့်ကြည့်ကုသမှုပေးနေပြီး လေယာဉ်အတူလိုက်ပါစီးနှင်းလာသူများကိုလည်း အသွားအလာကန့်သတ်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

 

ယခုတစ်ကြိမ်ထပ်မံ၍ အိုမီခရွန်ပိုးတွေ့ရှိသူများအပါအဝင် မြန်မာနိုင်ငံတွင် အိုမီခရွန်ရောဂါပိုးတွေ့ရှိသူ ၁၈၃ ဦးရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ပထမဦးဆုံးအကြိမ်တွေ့ရှိမှုအနေနဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ယူအေအီနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ မြန်မာနိုင်ငံသား ၄ ဦးမှာ စတင်တွေ့ရှိတာဖြစ်ပြီး ဇန်နဝါရီ ၇ ရက်နေ့က ဒုတိယအကြိမ် မြန်မာနိုင်ငံသား ၁၁ ဦးနဲ့ နိုင်ငံခြားသား ၁ ဦး စုစုပေါင်း ၁၂ ဦး တို့ထံမှ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

 

တတိယအကြိမ်အဖြစ် အိန္ဒိယနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ မြန်မာနိုင်ငံသား ၃ ဦးကို ဇန်နဝါရီ ၉ ရက်နေ့မှာ တွေ့ရှိခဲ့ပြီး ဇန်နဝါရီ ၁၂ ရက်နေ့မှာ အိန္ဒိယနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၂ ဦးနဲ့ ဇန်နဝါရီ ၁၃ ရက်နေ့က မြန်မာနိုင်ငံသား ၄၀ ဦး နိုင်ငံခြားသား ၂ ဦး၊ စုစုပေါင်း ၄၂ ဦးအပြင် နောက်ထပ် အဲနေ့မှာပင် ဖိလစ်ပိုင်နိုင်ငံမှ နိုင်ငံခြားသား ၃ ဦး၊ မလေးရှားနိုင်ငံမှ နိုင်ငံခြားသား ၁ ဦးတို့ဆီက တွေ့ရှိခဲ့ပါတယ်။

 

ဇန်နဝါရီလ ၁၄ ရက်မှာ မြန်မာနိုင်ငံသား ၅ ဦး၊ နိုင်ငံခြားသား ၃ ဦးနဲ့ မြန်မာနိုင်ငံသား အတည်ပြုလူနာနဲ့ ထိတွေ့မိသားစုဝင် ၂ ဦး ပေါင်း ၁၀ ဦးတို့မှာတွေ့ရှိခဲ့ပြီး ဇန်နဝါရီလ ၁၇ ရက်နေ့က ပြန်လည်ဝင်ရောက်လာသူ ၃၆ ဦး၊ နိုင်ငံခြားသား ၆ ဦး စုစုပေါင်း ၄၂ ဦး တို့ထံက တွေ့ ရှိခဲ့တာပါ။

 

အလားတူ ဇန်နဝါရီ ၂၀ ရက်နေ့မှာလည်း ပြည်ပမှပြန်လာသော မြန်မာနိုင်ငံသား ၂၈ ဦးထံတွင်
(အိုမီခရွန်)ရောဂါပိုးတွေ့ ရှိခဲ့ရတာဖြစ်ပါတယ်။

 

ပြည်ပနိုင်ငံတွေကနေ ပြန်လည်ဝင်ရောက်သူတွေဆီကနေ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး အခုလက်ရှိ အိန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ယူအေအီးနိုင်ငံ၊ စင်ကာပူနိုင်ငံနဲ့ ရုရှားနိုင်ငံတို့မှ ပြန်လည်ဝင်ရောက်လာသူတွေထံက တွေ့ရှိခဲ့တာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

YMG/kg
#Yangon_Media_Group