#LocalNews
Published- 24 Jan 2022

 

ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဘဏ်တစ်ခုအား လုယက်မှုကျူးလွန်သူကို ဖမ်းဆီးပေးခဲ့တဲ့ လုံခြုံရေးဝန်ထမ်းကို အဆိုပါ လုံခြုံရေးကုမ္ပဏီက ဂုဏ်ပြုဆုငွေချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။

 

ဇန်နဝါရီလ ၁၇ ရက်က ရန်ကုန်မြို့လယ်ခေါင်ရှိ ပုဂ္ဂလိကဘဏ်တစ်ခုတွင် လုယက်မှုဖြစ်ပွားခဲ့ရာ၊ ၄င်းဘဏ်တွင် တာဝန်ကျခဲ့သော SECOM မှ လုံခြုံရေးဝန်ထမ်း ကိုသီဟဇော်က မိမိ၏အသက်ကို ပဓါနမထားဘဲ ရဲဝံ့စွန့်စားစွာဖြင့် တရားခံအား လက်ရဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ ကုမ္ပဏီကထုတ်ပြန်ထားပါတယ်။

 

ဘဏ်ဝန်ထမ်းများရဲ့ အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်ခဲ့ရုံသာမက ဘဏ်ရဲ့ပစ္စည်းဥစ္စာများကိုပါ စောင့်ရှောက်ထိန်းသိမ်းပေးနိုင်ခဲ့တာကြောင့် ကုမ္ပဏီကချီးကျူးဂုဏ်ပြုလွှာနှင့်ဆုငွေအား ချီးမြှင့်ပေးအပ်ခဲ့တာဖြစ်တယ်လို့ ကုမ္ပဏီရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

 

ဇန်နဝါရီလ ၁၇ ရက်ကရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ကမ်းနားလမ်းနဲ့ ၁၉ လမ်းထောင့်ရှိ UAB ဘဏ်ကို ယနေ့ နေ့လယ် ၁၂ နာရီ အချိန်ခန့်က အမည်မသိလူတစ်ဦးက ဓားပြတိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

 

ဖြစ်စဉ်အရ ယင်းနေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်မှာ အမျိုးသားတစ်ဦးက ဘဏ်အတွင်းဝင်ရောက်ပြီး သေနတ်ပြကာ ဘဏ်ကောင်တာရှိ ငွေထုတ်ကို ယူဆောင်သွားခဲ့ပြီး ဘဏ်အပေါက်ဝအရောက်မှာ ဘဏ်လုံခြုံရေးဝန်ထမ်း သီဟဇော်က လုံးထွေးဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းကိုစစ်ဆေးရာ ပစ္စတိုသေနတ်မှာ ကော်သေနတ်ဖြစ်နေတယ်လို့ သိရပါတယ်။

 

ဖမ်းဆီးရမိသူမှာ အသက် ၃၉ နှစ်အရွယ် ထွန်းထွန်း (သန်လျင်မြို့နေ)သူလို့ သိရှိရပြီး တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

 

YMG/hm
#Yangon_Media_Group