#LocalNews
Published - 25 Jan 2022

 

လန်ချန်း- မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေနဲ့ဖော်ဆောင်တဲ့ မဲခေါင်ဒေသ ဆန်းသစ်တီထွင်သော ဝါးထုတ်ကုန်ပစ္စည်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု အွန်လိုင်းလေ့ကျင့်မှု စီမံကိန်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၄ ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။

 

သင်တန်းမှာ ၅ ရက်ကြာသင်တန်းဖြစ်ပြီး မြန်မာ၊ လာအို၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားမှ သင်တန်းသား သင်တန်းသူ ၃၈ ဦးတက်ရောက်နေတာ ဖြစ်ပါတယ်။

 

“မြန်မာနိုင်ငံရဲ့ ပထဝီတည်နေရာနဲ့ ရာသီဥတုအခြေအနေဟာ ဝါးပင်ပေါက်ရောက်ဖို သင့်တော်ပြီး ဝါးလုပ်ငန်းအလားအလာကောင်းမွန်ပြီး ဝါးကုန်ပစ္စည်းထုတ်လုပ်တဲ့အပိုင်းမှာ အားနည်းချက်ဖြစ်နေသေးပါတယ်။ ယခုအကြိမ် လေ့ကျင့်မှုကနေ တရုတ်နိုင်ငံရဲ့ ခေတ်မီတဲ့ ဝါးအချောကိုင်နည်းပညာနဲ့ ဆန်းသစ်တီထွင်တဲ့ ဝါးထုတ်ကုန်ပစ္စည်း ထုတ်လုပ်ရေးနည်းပညာကို သင်ယူနိုင်မှာ ဖြစ်တယ်” လို့ မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ပြောပါတယ်။

 

ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံမှူးကြီး Ms. Li Xiao Yan က “ မြန်မာနိုင်ငံက ဝါးudk မြေယာပြုပြင်ရေးအစီအစဉ်တွင် ထည့်သွင်းထားပြီးဖြစ်ရာ ဝါးစိုက်ပျိုးရေးနဲ့ လုပ်ငန်းဥယျာဉ်တည်ဆောက်သွားမှာဖြစ်ပြီး လန်ချန်း- မဲခေါင်ဒေသ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး၊ ပြည်သူလူနေမှုဘဝကောင်းမွန်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုတို့ကို အတူတကွမြင့်တင်သွားလိုတယ်” လို့ ဆိုပါတယ်။

 

မြန်မာနိုင်ငံအနေနဲ့ လန်ချန်း- မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၁ ခုနှစ်မှာ စီမံကိန်းပေါင်း ၂၁ ခုအတွက် အမေရိကန် ဒေါ်လာ ၆ ဒဿမ ၁ သန်းကျော်ရရှိခဲ့ပြီး ၂၀၂၀ ခုနှစ်ကလည်း မြန်မာနိုင်ငံသို့ စိုက်ပျိုးရေး၊ ပညာရေးနှင့် အိုင်စီတီကဏ္ဍတို့မှာ သုံးစွဲဖို့ စီမံကိန်း ၂၂ ခုအတွက် အမေရိကန်ဒေါ်လာ ၆ ဒဿမ ၇ သန်းကျော် ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။

 

မြန်မာနိုင်ငံတွင် သဘာဝဝါးတော ဧရိယာ ၄ ဒသမ ၄ သန်းကျော်ရှိပြီး ဝါးမျိုးစိတ် ၁၀၂ မျိုးရှိတဲ့အနက် စီးပွားရေးအရ အရေးပါတဲ့ ဝါးမျိုးစိတ် ၁၈ မျိုးခန့်ရှိပြီး နှစ်စဉ် ဝါးအလုံးရေ သန်း ၁၂၀ မှ ၁၈၀ အထိ ထုတ်လုပ်လျက်ရှိတယ်လို့ သိရပါတယ်။

 

မြန်မာနိုင်ငံမှာ ဝါးကို သဘာဝတောတွေကသာ ခုတ်ယူသုံးစွဲကြပြီး ပြန်လည်စိုက်ပျိုးမှု အနည်းငယ်သာရှိနေတဲ့အတွက် စီးပွားရေးအရ ထုတ်လုပ်သုံးစွဲဖို့ ဝါးစိုက်ခင်းတွေ ကျယ်ကျယ်ပြန့်ပြန့်တည်ထောင်စိုက်ပျိုးကြဖို့ လိုအပ်နေပါတယ်။

 

YMG/ ei

photo _ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး
#Yangon_Media_Group