#LocalNews
Published - 24 Jan 2022

 

စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်မှာ မီးငြိမ်းသတ်ပြီးပြန်လာတဲ့ မီးငြှိမ်းသတ်ယာဉ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် မီးငြှိမ်းသတ်ယာဉ်ရဲ့ လေကာမှန်ကွဲကြေပျက်စီးကာ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၂ ရက်နေ့ နေ့လယ် ၁၂ နာရီ ၅၅ မိနစ်အချိန်တွင် ဘုတလင်မြို့နယ် ဇီးတောကျေးရွာ၏ တောင်ဘက်ရွာစည်းရိုးအနီးတွင် စုပုံထားသည့် ပြောင်းရိုးပုံများအား အမျိုးသားတစ်ဦးက မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားလျက်ရှိကြောင်း သတင်းအရ ဘုတလင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ကျေးရွာနေပြည်သူများ၏ နေအိမ်များအား မီးကူးစက်လောင်ကျွမ်းမှုမရှိစေရေးအတွက် အုပ်ချုပ်မှုယာဉ်တစ်စီး၊ မီးငြိမ်းသတ်ယာဉ် ၂ စီးတို့ဖြင့် သွားရောက်ကာ မွန်းလွဲ ၁ နာရီအချိန်တွင် စတင်၍ မီးငြှိမ်းသတ်ခြင်း ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။

 

ထိုသို့ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့သဖြင့် မီးငြိမ်းသတ်ယာဉ်တစ်စီးနှင့် အုပ်ချုပ်မှုယာဉ်တစ်စီးတို့သည် မီးကြွင်းမီးကျန်များ မကျန်ရှိစေရေး စစ်ဆေးငြိမ်းသတ်ခြင်းလုပ်ငန်းများ ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး မီးသတ်ယာဉ်တစ်စီးနှင့် မီးသတ်တပ်ဖွဲ့ဝင် ၂ ဦးတို့အား အခြားကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံးသို့ ပြန်လည်စေလွှတ်ထွက်ခွာစေခဲ့တယ်လို့ သိရပါတယ်။

 

ထွက်ခွာလာစဉ် ဘုတလင်-မုံရွာကားလမ်းမကြီး မိုင်တိုင်အမှတ် ၉၈ မိုင် ၇ ဖာလုံနှင့် ၉၉ မိုင်အကြား ရုံးတောကျေးရွာလမ်းခွဲအရောက်၌ အဆိုပါမီးသတ်ယာဉ်အား  လမ်း၏ယာယက်မှ လက်လုပ်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် မီးငြိမ်းသတ်ယာဉ်၏ ရှေ့လေကာမှန်ကွဲအက်ပျက်စီးကာ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး၏ နှာခေါင်းနှင့် ယာလက်ခုံတို့တွင် မိုင်းစထိမှန်ဒဏ်ရာအချို့ရရှိခဲ့သဖြင့် ဘုတလင်မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။

 YMG/hm
#Yangon_Media_Group