#LocalNews
Published - 24 Jan 2022

 

ရခိုင်ပြည်နယ်တွင် သူနာပြုအကူများမွေးထုတ်နိုင်ရန် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးက သင်တန်းပေးနေတယ်လို့ အဆိုပါသံရုံးက ဒီကနေ့(ဇန်နဝါရီ ၂၄) ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

 

ရခိုင်ပြည်နယ်ရှိဒေသခံ လူထုအတွက် သူနာပြုအကူ သင်တန်းပေးနိုင်ရန် ကွဲပြားခြားနားမှုနှင့်အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (CDNH)မှတစ်ဆင့် ဒိန်းမတ်နိုင်ငံက ပံ့ပိုးပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

 

လက်ရှိတွင် ရခိုင်ပြည်နယ်ရှိ ဝေးလံခေါင်သီသည့် ကျေးရွာများတွင် မိမိတို့သက်ဆိုင်ရာဒေသလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ယနေ့အထိ သင်တန်းသား ၃၀ ဦးအား သင်တန်းပေးလျက်ရှိပြီး ခြောက်လကြာမြင့်သည့် ယင်းသင်တန်းတွင် စာတွေ့လေးလနှင့် ပုဂ္ဂလိကဆေးရုံ(သို့မဟုတ်)လူနာပြုစု စောင့်ရှောက်ရေးဂေဟာများတွင် နှစ်လအလုပ်သင်အဖြစ် လေ့လာသင်ယူရမှာဖြစ်တယ်လို့ သိရပါတယ်။

 

ယခုကဲ့သို့ သူနာပြုအကူများကို မွေးထုတ်ရခြင်းဟာ ဆက်လက်ဖြစ်ပွားဆဲဖြစ်သည့် ကိုဗစ် ၁၉ ကပ်ရောဂါကို ကူညီကိုင်တွယ်ဖြေရှင်းရန်နှင့် ကျန်းမာရေးဌာနများ၊ ဆေးရုံဆေးခန်းများကို လက်လှမ်းမီရန်ခက်ခဲသည့် ဝေးလံဒေသမှ လူထုကို အခြေခံကျန်းမာရေး စောင့်ရှောက်မှုများပေးနိုင်ရန် ရည်ရွယ်တယ်လို့လည်း ဒိန်းမတ်သံရုံး၏ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

 

ဓါတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံး။

YMG/kg
#Yangon_Media_Group