Published 24 January 2022

မန္တလေးမြို့မှာရှိကြတဲ့ ဘာသာရေးခေါင်းဆောင်တွေအနေနှင့် နိုင်ငံသာယာဝပြောရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ နစကဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားလိုက်တယ်လို့ နစကက သတင်းထုတ်ပြန်ပါတယ်။

မန္တလေးမြို့မှာ ရောက်ရှိနေတဲ့ နစကဥက္ကဋ္ဌဟာ ဇန်နဝါရီ၂၃ရက် တနင်္ဂနွေနေ့က မန္တလေးမြို့တော်ခန်းမမှာ မန္တလေးမြို့မှာ ရှိတဲ့ ဘာသာပေါင်းစုံအဖွဲ့တွေ၊မြို့မိမြို့ဖတွေနှင့် စက်မှုလုပ်ငန်းနှင့်အခြားစီးပွားရေးလုပ်ငန်းရှင်တွေနှင့် တွေ့ဆုံရာမှာ အဲသလိုပြောကြားခဲ့တာပါ။

နစက,က တိုင်းပြည်သာယာရေးနှင့် စားရေရိက္ခာပေါများရေးကို ရည်ရွယ်ဆောင်ရွက်နေကြောင်း၊ အူမတောင့်မှသီလစောင့် နိုင်မှာဖြစ်လို့ စားရေရိက္ခာပေါများအောင် ဆောင်ရွက်ကြဖို့လိုကြောင်း၊ မြန်မာနိုင်ငံမှာ ရေခံ မြေခံ ကောင်းမွန်တဲ့ နေရာများစွာရှိနေလို့ အပြည့်အဝအသုံးချမည်ဆိုပါက စားရေရိက္ခာပေါများမည်ဖြစ်ကြောင်း၊ဒီမြေမှာမွေး၊ဒီမြေမှာကြီးပြင်းပြီး ဒီအရိပ်ကို ခိုနေသူတွေဖြစ်လို့ နိုင်ငံသာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေး အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးကြစေ လိုကြောင်း ဗိုလ်ချူပ်မှူးကြီးက တိုက်တွန်းခဲ့တာဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

အဲဒီနောက် မန္တလေးမြို့မှာရှိကြတဲ့ ဘာသာရေးအသင်းအဖွဲ့တွေအတွက် မေတ္တာလက်ဆောင်ပစ္စည်းတွေနှင့် အသင်းရန်ပုံငွေ အဖြစ် တစ်သင်းကို ကျပ်သိန်း၁၅၀ထောက်ပံ့ပေးအပ်ခဲ့တယ်လို့သိရပါတယ်။

ဘာသာပေါင်းစုံအဖွဲ့တွေရဲ့ခေါင်းဆောင်တွေအနေနှင့် သက်ဆိုင်ရာ ဘာသာရေးကိစ္စတွေနှင့်နိုင်ငံ့အကျိုးပြုကိစ္စတွေမှာ အချင်းချင်းတိုင်ပင်ညှိနှိုင်းပြီး အောင်မြင်အောင်ဆောင်ရွက်ကြမှာဖြစ်တယ်လို့ ဘာသာရေးအသင်းအဖွဲတွေကိုယ်စား အထက်မြန်မာပြည်ဟိန္ဒူဘာသာရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်လွင်က ပြန်လည်ပြောကြားခဲ့ကြောင်းလည်းသိရပါတယ်။

၂၀၁၄ခုနှစ်တွင်ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းအချက်အလက်များအရ မြန်မာနိုင်ငံရဲ့ လူဦးရေ သန်း၅၀ကျော်မှာ ဗုဒ္ဓဘာသာ ၈၇.၉ ရာခိုင်နှုန်း၊ခရစ်ယာန် ၆.၂ရာခိုင်နှုန်း၊အစ္စလာမ် ၄,၃ ရာခိုင်နှုန်း၊ဟိန္ဒူ ၀.၅ ရာခိုင်နှုန်း၊Animist ၀.၈ ရာခိုင်နှုန်း၊အခြားဘာသာ ၀.၂ ရာခိုင်နှုန်းနှင့် ဘာသာမဲ့ ၀.၁ ရာခိုင်နှုန်းရှိနေပါတယ်။

မန္တလေးတိုင်းဒေသကြီးရဲ့ လူဦးရေ ၆.၁သန်းကျော်မှာ ဗုဒ္ဓဘာသာ ၉၅.၇ ရာခိုင်နှုန်း၊အစ္စလာမ် ၃ရာခိုင်နှုန်း၊ခရစ်ယာန်၁.၁ ရာခိုင်နှုန်းနှင့် ဟိန္ဒူ ၀.၂ ရာခိုင်နှုန်း၊အခြားဘာသာဝင် ၂၃၀၁ ဦး၊ဘာသာမဲ့ ၅၃၉ဦးနှင့် Animist ၁၈၈ ဦးတို့အသီးသီးဖြစ်ကြတယ်လို့ တရားဝင်ထုတ်ပြန်တဲ့ ၂၀၁၄လူဦးရေသန်းခေါင်စာရင်းအရသိရပါတယ်။