#LocalNews
Published - 24 Jan 2022

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၇ ရွာမှ လူပေါင်းနှစ်သောင်းကျော် စစ်ဘေးရှောင်နေရတယ်လို့ ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး(ဒူးပလာယာခရိုင်)မှ သတင်းထုတ်ပြန်ထားပါတယ်။

 

အဆိုပါ သတင်းထုတ်ပြန်ချက်အရ ကေအဲန်ယူ-ကော့ကရိတ်မြို့နယ်အတွင်း ဇန်နဝါရီလ(၇)ရက်နေ့မှ (၂၃)ရက်အနေ့အထိ တပ်မတော်ဘက်မှ ထိုးစစ်ဆင်လာမှုကြောင့် ကျေးရွာပေါင်း(၂၇)ရွာမှ လူပေါင်းနှစ်သောင်းကျော် စစ်ဘေးရှောင်နေရတာဖြစ်တယ်လို့ ဆိုပါတယ်။

 

ထို့အပြင် တပ်မတော်ဘက်မှ လေကြောင်းပစ်ကူများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အတွက် ရွာသား(၁၂)ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တစ်ဦးသေဆုံးခဲ့ရတယ်လို့လည်း ဒူးပလာယာခရိုင်၏ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

လက်ရှိအချိန်တွင် ဒေသတွင်း စစ်ရှောင်ဦးရေ နှစ်သောင်းကျော်လာပြီဖြစ်သည့်အတွက် အရေးပေါ်ထောက်ပံ့ကူညီမှုများလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

 

စစ်ရှောင်နေရသည့် ကျေးရွာများမှာ ကော့နွဲ၊ ကမိုင်ကုန်း၊ ရွာသစ်ကုန်း၊ မြို့ဟောင်း၊ အံကလော်၊ တတန်ကူး၊ ကျောက်စရစ်ကုန်း၊ ကထိုထ၊ ရွာသစ်(မောင်းမ)၊ သာယာကုန်း၊ ကြောင်လျှာကုန်း၊ ဖန်ခါးကုန်း၊ အံဖကြီး၊ အံဖလေး၊ ရွာတန်းရှည်၊ ကြာအင်းကုန်း၊ နောင်နိုင်း၊ နန်းရွေမှု၊ အောင်လှိုင်၊ တဝေါသော၊ စက္ကဝက်၊ သုံးဆယ့်သုံးဆူ၊ ကျိုက်သလိုက်၊ ဘော့ဒိုင်း၊ ဒေါက်ပလံ၊ ခုဒုံ၊ ဆံဖလား ကျေးရွာတို့ဖြစ်ကြောင်း ဒူးပလာယာခရိုင်၏ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဒါ့အပြင် လက်ရှိအချိန်အထိ အဆိုပါနယ်မြေများအတွင်းမှာ နှစ်ဖက်တပ်တွေ စစ်ရေးတင်းမာမှုတွေ ဖြစ်ပေါ်နေဆဲဖြစ်တယ်လို့လည်း ဒေသခံများ၏ ပြောပြချက်အရသိရပါတယ်။

 

ဓါတ်ပုံ - ဒူးပလာယာခရိုင်။

YMG/kg
#Yangon_Media_Group