#LocalNews

Published -23 Jan 2022

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ရွာမအရှေ့ရပ်ကွက်တွင် ယမန်နေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တပ်ကြပ်ကြီးတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့  တိုင်းဒေသကြီးရဲတပ်ဖွဲ့ ကနေသိရပါတယ်။
 
ဖြစ်စဥ်မှာဇန်နဝါရီလ(၂၂)ရက် နေ့ မွန်းလွဲ ၂နာရီကျော်ခန့်အချိန်က အင်းစိန်မြို့ နယ်၊ ရွာမအရှေ့ရပ်ကွက်၊ သီရီမင်္ဂလာလမ်းတွင် လူ(၁)ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ တဲ့ သတင်းအရ လုံခြုံ ရေးတပ်ဖွဲ့ ဝင်များမှသွားရောက်စိစစ်ခဲ့တယ်လို့ သိရပါတယ်။
 
စိစစ်ရာ အဆိုပါရပ်ကွက် သီရီမင်္ဂလာလမ်း၊ BEER HOUSE ဆိုင်ရှေ့တွင် ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်တစ်ခုမှ  တပ်ကြပ်ကြီး အဆင့်ရှိ တပ်မတော်သားတစ်ဦးမှာ  BEER HOUSE ဆိုင်တွင် သူငယ်ချင်းဖြစ်သူ ဦး--------နဲ့အတူ ဆိုင်ထိုင်နေစဉ် ဖုန်းလာသည်ဟုဆိုကာ ဆိုင်ရှေ့သို ထွက်သွားရာ လမ်းဘေးအရောက်  သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
 
"တပ်မတော်သားတစ်ဦး ပစ်ခတ်ခံရတာပါ စိုးရိမ်ရဒဏ်ရာရရှိထားပါတယ်"လို့ ရဲအရာရှိတစ်ဦးကပြောပါတယ်။
 
ပစ်ခတ်မှုကြောင့် ယာဘက်လက်မောင်းအောက် ထိမှန်ဒဏ်ရာ (၁)ချက်၊ ယာဘက်နံကြား ထိမှန်ဒဏ်ရာ (၁)ချက်၊ ယာဘက် ခြေမျက်စေ့ ထိမှန်ဒဏ်ရာ (၁)ချက်၊ ဝဲဘက် ခြေသလုံး ထိမှန်ဒဏ်ရာ (၁)ချက် ရရှိကာ စိုးရိမ်ရဒဏ်ရာရရှိခဲ့ တယ်လို့သိရပါတယ်။
 
 အခင်းဖြစ်နေရာမှာ  9MM LUGER ကျည်ခွံ (၅)ခု တွေ့ရှိခဲ့ ကာ ဒဏ်ရာရရှိသူ ဆေးရုံသို့ ပို့ ဆောင်ခဲ့တယ်လို့  ရဲတပ်ဖွဲ့ ကသိရှိရပါတယ်။
ymg/hm
 
#Yangon_Media_Group