#LocalNews

Published -21 Jan 2022

NLD အစိုးရလက်ထက်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါဝင်တဲ့ ပုဒ်မ ၅၉(စ) ကို ပြင်ဆင်ရန်အတွက် မိမိထံသို့ မကြာခဏလာရောက် ညှိနှိုင်းမှု များဆောင်ရွက်ခဲ့တယ်လို့ နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးကပြောကြောင်း နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

 

နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁/၂၀၂၂)သို့ တက်ရောက်အမှာစကားပြောကြားရာမှာ ယခုလိုထည့်သွင်းပြောဆိုခဲ့တာလို့ သိရပါတယ်။

"NLD အစိုးရလက်ထက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင်ပါဝင်သည့် ပုဒ်မ ၅၉(စ) ကို ပြင်ဆင်ရန်အတွက် မိမိထံသို့ မကြာခဏလာရောက် ညှိနှိုင်းမှုများဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ၂၀၁၁ -၂၀၁၅ ကာလတွင် ဆောင်ရွက်ခဲ့သကဲ့သို့ ၂၀၁၅ -၂၀၂၀ ကာလတွင်လည်း ခေတ်ကာလနှင့်ကိုက်ညီအောင် ပြင်ဆင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)သည် ၁၉၉၀ ပြည့်နှစ်ခန့်မှစတင်၍ အခြေတည်ခဲ့ခြင်းဖြစ်သဖြင့် လတ်တလောအခြေအနေနှင့် ကိုက်ညီမှုမရှိနိုင်သည်များရှိသဖြင့် ပြင်ဆင်ရန်ရှိသည်များကို နားလည်သဘောပေါက်ကြောင်း၊ သို့သော် တို့တာဝန်အရေးသုံးပါးကို ထိပါးစေမည့်အချက်များအား လုံးဝ ထိခိုက်၍မရကြောင်း" ထည့်သွင်းပြောဆိုခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

 

နိုင်ငံတော်သမ္မတ၏ အရည်အချင်းသတ်မှတ်ချက်တစ်ခုဖြစ်တဲ့ ပုဒ်မ၅၉ (စ)နှင့်ပက်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တပ်ချုပ်တို့အကြား ဆွေးနွေးပြောဆိုမှုတွေရှိခဲ့ပြီး ယခင် NLD အစိုးရတာဝန်ယူချိန်မှာ သတင်းတွေထွက်ပေါ်လာခဲ့ပေမယ့် နှစ်ဘက်စလုံးက ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ရာကနေ ယခုအတည်ပြုမှုထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

 

ဒါ့အပြင်ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုသွားနေခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုဟူသောစကားသည် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ရွေးချယ်ခဲ့ခြင်းဖြစ်သဖြင့် မိမိတို့အနေဖြင့် အလေးထား အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများဆောင်ရွက်ရာတွင် ပြည်ထောင်စုကိုအခြေခံ၍ ဆောင်ရွက်သွားရမယ်လို့ ပြောဆိုခဲ့ပါတယ်။


၂၀၂၂ ခုနှစ်တွင် ငြိမ်းချမ်းရေးအတွက် အဆင့်တစ်ခုရရှိအောင်‌ မျှော်မှန်းဆောင်ရွက်သွားမယ်လို့ မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားပါတယ်။ အဲဒီပြောကြားချက်အပေါ် တိုင်းရင်းသားအဖွဲ့အစည်းတွေက အမျိုးမျိုးဝေဖန်တုန့်ပြန်ခဲ့ကြပါတယ်။

 

အဲဒီအထဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ နိုင်ငံရေးဆွေးနွေးရန်ဖိတ်ခေါ်ခြင်းဟာ လက်ရှိအထွေထွေနိုင်ငံရေးအကျပ်အတည်းဖြေရှင်းနိုင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ရည်မှန်းတယ်ဆိုရင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကကြိုဆိုတယ်လို့ မကြာသေးမီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

YMG/hm
#Yangon_Media_Group