#LocalNews

Published - 8 Jan 2022

 

CANTER ယာဥ်တစ်စီး ချောင်းအတွင်းသို့ထိုးကျတိမ်းမှောက်ရာမှ နှစ်ဦးသေဆုံးပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရခဲ့သည့် ဖြစ်စဥ်တစ်ခု ကလောမြို့နယ် အတွင်းမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါ ဖြစ်စဥ်ဟာ ဇန်နဝါရီ ၇ ရက်(ညနေပိုင်း) အချိန်မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

 

ယင်းဖြစ်စဥ်ဟာ ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာအုပ်စု၊ ရေယောင်းမကျေးရွာအနီး မိုင်တိုင်အမှတ်(၆၃/၃)တွင် အဆိုပါ CANTER အမျိုးအစား(အဖြူရောင်)ယာဥ်တစ်စီးဟာ အောင်ပန်းမှ ပျော်ဘွယ်သို့မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းမကြီး ညာဘက်ရှိ ချောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

ယာဥ်တိမ်းမှောက်မှုဖြစ်ပွားရာသို့ ကလောမြို့နယ်မီးသတ်စခန်းမှ မီးသတ်စက်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၇)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၃)ဦးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ရပြီး ယာဉ်ပေါ်လိုက်ပါလာသူ အမျိုးသား(၁)ဦး၊အမျိုးသမီး(၃)ဦးအနက် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့ သေဆုံးခဲ့ကာ ကျန်အမျိုးသမီး(၂)ဦးတို့ ပြင်းထန်ဒဏ်ရာရခဲ့ခြင်း ဖြစ်ပါတယ်။

 

ထိုယာဥ်တိမ်းမှောက်မှုဖြစ်စဥ်မှ သေဆုံးနှင့် ဒဏ်ရာရရှိခဲ့သူများကို အောင်ပန်းမြို့ နာရေးကူညီမှုအသင်းမှ သူနာတင်ယာဉ်ဖြင့် ကလောမြို့ ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့လည်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

Photo - MFSD

 

YMG/kg

#Yangon_Media_Group