#LocalNews

Published - 7 Jan 2022

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ပေါ်ရှိ ချင်းပြည်နယ်မှ စစ်ဘေးရှောင်ပြည်သူများအတွက် စားရေးရိက္ခာများ လိုအပ်မှုတွေရှိနေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရပါတယ်။

 

လွန်ခဲ့တဲ့ ၃ ရက်မှစတင်၍ ချင်းပြည်နယ်ဘက်ရှိ နတ်ချောင်း၊ချောင်းခွ၊ဟားခါးလေး၊ရေစို၊ဝေဘူလ အစရှိသည့်ကျေးရွာများမှ စစ်ဘေးရှောင်ပြည်သူ ၂၀၀ ခန့်က ကလေးမြို့ပေါ်သို့ ရောက်ရှိခိုလှုံလာခဲ့တာဖြစ်ပါတယ်။

 

လက်ရှိမှာ ချင်းစစ်ဘေးရှောင်ပြည်သူများကို ကလေးမြို့ရှိ ပင်လုံတပ်ဦးပရိယတ္တိစာသင်တိုက်နှင့် ပုညကုသလအသင်းတို့တွင် လက်ခံစောင့်ရှောက်ပေးထားပြီး လိုအပ်သည်များကိုလည်း ကူညီဆောင်ရွက်ပေးနေတယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့များထံမှ သိရပါတယ်။

 

"လက်ရှိမှာ စစ်ဘေးရှောင်လူဦးရေ ၂၀၀ ကို လက်ခံစောင့်ရှောက်ပေးထားပါတယ်။ ပြောရရင် စစ်ဘေးရှောင်ပြည်သူတွေက နေ့တိုင်းဝင်နေတာ ၃ ရက်လောက်ရှိပြီ။ မြို့ခံတွေအနေနဲ့လည်း သူတို့ကို ဝိုင်းဝန်းကူညီပေးနေပါတယ်။ ထပ် ရောက်လာဖို့လည်းရှိတယ်လို့ သိရပါတယ်။ တောင်ပေါ် မှာလည်း ကျန်သေးတယ်လို့ သိရပါတယ်။ အဓိက က သူတို့အတွက် ဆန်နဲ့ဆီ စားရေးရိက္ခာတွေ လိုအပ်ပါတယ်။"လို့ ပုညကုသလ လူမှုကူညီရေးအသင်း(ကလေးမြို့)မှ ဦးထွေးအောင်က ရန်ကုန်တိုင်းမ်ကို ပြောပြခဲ့ပါတယ်။

 

လက်ရှိမှာ ကလေးမြို့ရှိ လူမှုကူညီရေးအသင်းအဖွဲ့တွေ မြို့ခံတွေအနေနဲ့ စစ်ဘေးရှောင်ပြည်သူများကို ယာယီကျွေးမွေးစောင့်ရှောက်ကူညီထားတယ်လို့လည်း ပုညကုသလအသင်းက သတင်းထုတ်ပြန်ထားပါတယ်။

 

YMG/kg

ဓါတ်ပုံ - ပုညကုသလအသင်း။