#LocalNews

Published - 4 Jan 2022

 

ရခိုင်ပြည်နယ်တွင်ရှိသော နယ်စပ်ကုန်သွယ်ရေးစခန်းများပြန်ဖွင့်ပြီးနောက် အခွန်အခ မြန်မာကျပ်ငွေ ၃၈၂ သန်းကျော်ရရှိခဲ့ကြောင်း ရခိုင်ပြည်နယ် စစ်ကောင်စီ၏ ပြောခွင့်ရသူ ပြည်နယ်ဦးပဒေချုပ် ဦးလှသိန်းက ပြောသည်။

 

ရခိုင်ပြည်နယ်တွင် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ရွှေမင်းဂံကုန်သွယ်ရေးစခန်း နှစ်ခုရှိပြီး ယင်းတို့ကို ကိုဗစ်တတိယလှိုင်းကာလ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၅ ရက်က စတင်ပိတ်ထားခဲ့ကာ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၃ ရက်တွင် ပြန်လည်ဖွင့်ခွင့်ပြု၍ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များက အောက်တိုဘာလ ၁၆ ရက်တွင် ကုန်သွယ်မှုများကို စတင်ခဲ့ခြင်း ဖြစ်သည်။

 

ယင်းသို့ ကုန်သွယ်မှုပြုလုပ်သည့်အချိန်မှ ဒီဇင်ဘာလ ၃၁ ရက်ထိ ၂ လကျော်ကာလအတွင်း ပို့ကုန်သွင်းကုန်တန်ဖိုးမှာ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၄၄ သန်း၊ရွှေမင်းဂံကုန်သွယ်ရေးစခန်း မှ ကန်ဒေါ်လာ ၆ ဒသမ ၆၇၁ သန်း တန်ဖိုးရှိကြောင်း သိရသည်။

 

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၄ ဒသမ ၄၁၃ သန်းနှင့် တင်သွင်းကုန်တန်ဖိုး ၀ ဒသမ ၀၃၁ သန်း၊စစ်တွေရွှေမင်းဂံကုန်သွယ်ရေစခန်းမှ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၆ ဒသမ ၆၅၀ သန်းနှင့် တင်သွင်းကုန် ၀ ဒသမ ၀၂၁ သန်း တင်ပို့နိုင်ခဲ့ခြင်းဖြစ်သောကြောင့် ယင်းပို့ကုန်သွင်းကုန်တန်ဖိုးများထဲမှ အခွန် မြန်မာငွေကျပ် ၃၈၂ ဒသမ ၆၁၀ သန်းရရှိခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်ဦးပဒေချုပ် ဦးလှသိန်းကပြောသည်။

 


နယ်စပ်ကုန်သွယ်မှုများအနေဖြင့် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ရေထွက်ကုန်များ နှင့် အခြားအသုံးအဆောင်ပစ္စည်းများတင်ပို့ပြီး ဘင်္ဂလား ဒေ့ရှ်ဖက်မှ ပလစ်စတစ်ပစ္စည်းများ အဓိကတင်သွင်းခဲ့ကြောင်း သိရသည်။

#Yangon_Media_Group