Published 3 January 2022

တယ်လီနောက Wave Money မှာရှိတဲ့ ယင်းရဲ့ ၅၁ ရာခိုင်နှုန်း ရှယ်ယာကို  အဓိကပါတနာဖြစ်တဲ့ စင်္ကာပူမှတ်ပုံတင် Yoma Strategic Holdings ကို ပြန်ရောင်းဖို့ သဘောတူလိုက်ပြီလို့ ဇန်နဝါရီ ၃ရက်ထုတ် နစ်ကေးသတင်းစာကရေးသားပါတယ်။

ဒေါ်လာ၁၀၄သန်းတန် Wave Money မှာ သူ့ရဲ့ရှယ်ယာ၅၁ရာခိုင်နှုန်းကို ဒေါ်လာ ၅၃သန်းနှင့်ရောင်းချမှာဖြစ်ပြီး လာမယ့် ရက်အနည်းငယ်အတွင်းမှာ နောက်ဆုံးဆုံးဖြတ်ချက်ပေးလိမ့်မယ်လို့ အရောင်းအဝယ်လုပ်နေတာနှင့်နီးစပ်သူတွေရဲ့ အဆို အရသိရပါတယ်။

အဲဒီရှယ်ယာရောင်းချမှုကြောင့် မြန်မာသူဋ္ဌေးကြီး ဆာ့ချ်ပန်းဦးဆောင်တဲ့ ရိုးမအုပ်စုဟာ Wave Money ကို ၇၅ရာခိုင်နှုန်းပိုင်ဆိုင်သွားတော့မှာဖြစ်ပါတယ်။ လတ်တလောမှာ ရိုးမအုပ်စုဟာ ၄၉ရာခိုင်နှုန်းရှယ်ယာယူထားပြီး အဲဒီ၄၉ရာခိုင်နှုန်းထဲမှာ  Yoma Strategic Holdings ရိုးမ မဟာဗျူဟာဟိုးလ်ဒင်းက ၄၄ရာခိုင်နှုန်းနှင့် ရိုးမဘဏ်က ၅ ရာခိုင်နှုန်းဖြစ်ပါတယ်။ ကျန်တဲ့ ၂၅ရာခိုင်နှုန်းက ရိုးမဦးဆောင်တဲ့ consortium လုပ်ငန်းအဖွဲ့အစည်းကပိုင်ဆိုင်ပါတယ်။ အဲဒီ လုပ်ငန်းအဖွဲ့အစည်းမှာ ထိုင်ဝမ်ဘဏ္ဍာရေးအုပ်စုတစ်စုနှင့် လွတ်လပ်တဲ့ မြန်မာအင်တာနက်လုပ်ငန်းတစ်ခုတို့လည်း ပါဝင်နေ ပါတယ်။

Yoma Strategic က ၂၀၂၀နှစ်လည်ပိုင်းလောက်က တယ်လီနောရဲ့ ရှယ်ယာတွေလွှဲယူဖို့ ပထမဆုံးသဘောတူခဲ့ပါတယ်။ သောကြာနေ့က အရောင်းအဝယ်ကိစ္စနှင့်ပတ်သက်လို့ တယ်လီနောအုပ်စုကို နစ်ကေးက မှတ်ချက်တောင်းခံရာမှာ သူတို့က “ ဈေးကွက်က ထင်ကြေးပေးနေတာတွေနှင့် ကောလာလတွေကို သူတို့ မဆွေးနွေးဘူးလို့ ပြန်ဖြေတယ်လို့ သတင်းမှာဖော်ပြ ထားပါတယ်။

Wave Money ကို ဒေါလာ ၁၀၄သန်းနှင့် တန်ဖိုးဖြတ်တာဟာ တယ်လီနောရဲ့ ပင်မတယ်လီကွန်းလုပ်ငန်းကို ဒေါ်လာ ၁၀၅သန်း တောင်းထားတာနှင့် နှိုင်းယှဉ်ရင် အတောကလေးဈေးမြှင့်ပေးထားတာဖြစ်တယ်လို့ အရောင်းအဝယ်လုပ်နေတာနှင့် ရင်းနှီးကျွမ်းဝင်ထားတဲ့ တယ်လီကွန်းအမှုဆောင်တစ်ဦးကပြောပါတယ်။

“ဝေ့ဗ်ဟာ လုပ်ငန်းကောင်းကြီးတစ်ခုဖြစ်တယ်။ ရိုးမက တယ်လီနောဆီကရှယ်ယာ ပြန်ဝယ်ဖို့လိုတယ်။ အခြားတစ်ဖွဲ့ဖွဲ့က ရှယ်ယာဝယ်လိုက်မှာကို သူတို့မလိုလားရင် ဒီနည်းအပြင် ရွေးစရာသိပ်မရှိလှဘူး” လို့လည်း သူကပြောပါတယ်။

Wave Money ဟာ တစ်လတစ်လကို ဒေါ်လာတစ်သန်းနှင့် ၁.၂သန်းအကြား ငွေအလွှဲအပြောင်းလုပ်ပေးနေတာပါ။ ဖေဖော်ဝါရီ(၁)ရက် တပ်က အာဏာယူလိုက်ပြီးနောက် သူ့ရဲ့ အက်ပလီကေးရှင်းအသုံးပြုသူ နှစ်သန်း‌ကျော်ထဲက တစ်ဝက်လောက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

Ref Source: Nikkei Asia