#LocalNews

Published - 4 Jan 2022

 

အရှိန်ပြင်းပြင်းမောင်းလာသည့်ကားတစ်စီးက စိတ်မနှံ့သူကိုဝင်တိုက်မိပြီး တိမ်းရှောင်မောင်းပြေးသွားခဲ့သည့်ဖြစ်စဥ်တစ်ခု ဇန်နဝါရီ ၃ ရက်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဖိုင်ဝိန်းရွာအကျော်မှာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါကားတိုက်ခံရသည့် စိတ်မနှံသူဟာ အခင်းဖြစ်နေရာမှာပင် ဦးခေါင်းပွင့်ဒဏ်ရာများဖြင့် ပွဲချင်းပြီးသေဆုံးသွားခဲ့ရတာဖြစ်တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းတွေက ဆိုပါတယ်။

 

"သူကစိတ်မနှံသူပါ။ အဲ့လိုပဲ လမ်းကြိုလမ်းကြားလျှောက်သွားနေတဲ့သူပေါ့။ လမ်းဘေးတွေဘာတွေမှာလည်း အိပ်ချင်အိပ်နေတာ။ ကျွန်တော်တို့သိတာက ညကဖြစ်တယ်လို့ သိရတယ်။ ကားတိုက်ခံရတာက ညဘက်မှာဖြစ်ခဲ့တာ။ ပြောရရင် ကားတိုက်ခံရတယ်ဆိုတာထက် ကားကြိတ်သွားတဲ့ ပုံစံမျိုးဖြစ်နေတာပေါ့ ။ ဦးခေါင်းကွဲကြေဒဏ်ရာရပြီး အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားခဲ့ပါတယ်။ ညဘက်ကြီးဆိုတော့ ဘယ်ကားတိုက်သွားတယ်။ ဘာအမျိုးအစားလဲ ဘယ်ကိုမောင်းပြေးသွားတယ်ဆိုတာကိုလည်း တိတိကျကျ မသိရသေးပါဘူး။ မနက်ကျမှ ရဲကအလောင်းလာသယ်ဖို့ အကူအညီ တောင်းလို့ ကျွန်တော်တို့အသင်းက သွားရောက်သယ်ဆောင်ပြီး ဆေးရုံကိုပို့ ဆောင်ပေးခဲ့တာပါ။"လို့ နှလုံးလှပိုင်ရှင်များ(အခမဲ့)လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါတယ်။

 

ကားတိုက်ခံရ၍ ပွဲချင်းပြီးသေဆုံးခဲ့သူ၏ ရုပ်အလောင်းကို နှလုံးလှပိုင်ရှင်များ(အခမဲ့)လူမှုကူညီရေးအသင်းမှသယ်ဆောင်ပြီး ကျိုင်းတုံမြို့၊ ပြည်သူ့ဆေးရုံ(ရင်ခွဲရုံ)သို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

#Yangon_Media_Group