#Local_News
Published - 3 Jan 2022

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့တွင် ငွေကျပ် ၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ကနေသိရပါတယ်။

မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ ည ၉ နာရီခွဲအချိန် သတင်းအရ ကျောက်ဆည်မြို့နယ်၊ ရဲရွာအနီး၊ ကားလမ်းဘေးတွင် AD Van မော်တော်ယာဉ်မောင်းနှင်သူ ကျော်ဇင်လင်း အား ၎င်းသယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅,၅၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၂၂ ကီလိုနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါ ဘိန်းဖြူများအား ပြင်ဦးလွင်မြို့နယ်မှ ပြည်ကြီးတံခွန်မြိုနယ်သို့ သယ်ဆောင်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

အလားတူ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၂၁ လမ်း၊ ၈၆ × ၈၇ လမ်းကြားတွင် နေမျိုးအောင် အား Foton ၆ ဘီး မော်တော်ယာဉ် တစ်စီးနှင့်လည်းကောင်း၊ မင်းမင်းဦး အား မော်တော်ဆိုင်ကယ်တစ်စီးနှင့်လည်းကောင်း တွေ့ရှိသဖြင့် ရှာဖွေရာ မော်တော်ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၄,၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၉ ဒသမ ၆၉ ကီလို၊ ဘိန်း ၈ ဒသမ ၅ ကီလို သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။

စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိမူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ စစ်ကိုင်းတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့ ၃ ဦးအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိ တယ်လို့သိရပါတယ်။

#Yangon_Media_Group