Published 3 January 2022

မြန်မာနိုင်ငံ ကရင်ပြည်နယ်လှိုင်းဘွဲ့မြို့ ကျေးရွာတစ်ရွာက  ဇန်နဝါရီ (၂)ရက်မှာ ကရင်နှစ်သစ်ကူး အထိမ်းအမှတ် လွှတ်တင်လိုက်တဲ့ မီးပုံးပျံဟာ ဗီယက်နမ်နိုင်ငံ မြို့တစ်မြို့ကို ဆင်းသက်ရောက်ရှိသွားခဲ့ပါတယ်။

အဲသလိုရောက်ရှိကြောင်းကို ဗီယက်နမ်က Curong PanDa ဆိုသူက သူ့ရဲ့ဖေ့စ်ဘုတ်အကောင့်ထဲမှာ ဓာတ်ပုံများနှင့်တကွ ဗီယက်နမ်လိုစာရေးသားပြီး ဇန်နဝါရီ(၂)ရက် ည(၈)နာရီခန့်မှာ ပို့စ်တင်ထားတာဖြစ်ပါတယ်။

 

ဗီယက်နမ်လိုရေးထားတဲ့ စာမှာ “ Dong Thanh ဇုန်-၁၀ထဲကို ဘာမှန်မသိတဲ့ အရာဝတ္တုကြီးတစ်ခု ကောင်းကင်ပေါ်က ပြုတ်ကျလာတယ်။ ထူးဆန်းတဲ့ အဲဒီအရာဝတ္တုကြီးက ဘယ်ကလာမှန်းမသိဘူး။ ရဲတွေကတော့ အဲဒီနေရာကိုလာကြည့်စစ်ဆေးနေကြတယ်” လို့ မြန်မာလို့ အဓိပ္ပါယ်ရတဲ့ စာတွေရေးသားထားပါတယ်။

 

အဲဒီ Cương PanDa ဆိုသူရဲ့ ပို့စ်မှာ ဓာတ်ပုံတွေကိုလည်းတင်ထားပါတယ်။ အဲဒီဓာတ်ပုံတွေဟာ မီးပုံပျံတစ်စီးရဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ မြန်မာငွေ ကျပ်တစ်သောင်းတန်တစ်ရွက်နှင့် ကျပ်၂၀၀တန်တစ်ရွက်လည်းပါဝင်ပါသေး တယ်။

 

ဓာတ်ပုံထဲမှာပါတဲ့ စာတစ်စောင်မှာတော့

“ ကရင်ပြည်နယ်၊လှိုင်းဘွဲ့မြို့နယ်ခွဲ

ပိုင်ကျုံမြို့နယ်၊ထီဖိုးထိန်အုပ်စု

ကုန်းကလေးရွာ

ကရင်နှစ်သစ်ကူးနေ့

2-1-2022

မီးပုံးပိုင်ရှင်များ

၁။ မောင်သီဟ

၂။ တာကေးမု

၃။ စမူးဘေ

၄။ ပုယိုကော

၅။ နော့ဘဲဘိုး

၆။စန္ဒာနယ်

၇။ မုဒေ့ကျေ

၈။ စန်းချိုဦး

၉။မူးတို့အွာ

၁၀။နောရီးဟဲ

၁၁။ နောဝါးပို့

၁၂။ကုန်းကလေးရွာ လူငယ်အဖွဲ့ 

ဤမီးပုံးသည် ဘယ်နေရာကျရောက်မလဲ  မသိတဲ့အတွက်ကြောင့် ပိုင်ရှင်များက သိချင်တဲ့အတွက်

ဤဖုန်းနံပါတ်နဲ့ (++++++++) ဆက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်

လို့ပါရှိပါတယ်။

 

အဆိုပါစာအရ လှိုင်းဘွဲ့မြို့နယ်ခွဲ၊ပိုင်ကျုံမြို့နယ်၊ကုန်းကလေးရွာ ရွာသူရွာသားမျာက ဇန်နဝါရီ၂ရက်နေ့ ကရင်နှစ်သစ်ကူးနေ့ မှာ နှစ်သစ်ကူးအထိမ်းအမှတ်လွှတ်တင်လိုက်တဲ့ မီးပုံပျံတစ်ခုဖြစ်ကြောင်းသိရှိရပါတယ်။

အဲဒီပို့စ်အောက်မှာ မြန်မာအချို့ကလည်း ဒါဟာ မြန်မာပြည်ကဖြစ်ပါတယ် ဆိုတာနှင့် အခြားရယ်စရာတွေကို မှတ်ချက်ပြု ရေးသားထားကြပါတယ်။

မြန်မာနိုင်ငံမှာ ပွဲတော်တွေအထိမ်းအမှတ်အဖြစ် မီးပုံပျံတွေ လွှတ်တင်တဲ့ ဓလေ့ထုံးစံ ဆယ်စုနှစ်များစွာကတည်းက ရှိခဲ့တာ ဖြစ်ပြီး မီးပုံပျံတွေအထဲကို လွှတ်တင်တဲ့မူရင်းနေရာကိုပါ ရေးသားပြီး အတူတွဲတင်လာကြတာဖြစ်ပါတယ်။