Published 2 January 2022

ချင်းမိုင်-

ဇန်နဝါရီ ၁ရက်နေ့ စနေနေ့ နှစ်သစ်က ထိုင်းနိုင်ငံ မြောက်ပိုင်းပြည်နယ်မှာ မြန်မာနိုင်ငံက နယ်စပ်ဖြတ်ကျော် တရားမဝင် ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား ၄၆ ဦးကို အစိုးရ လှည့်ကင်းအဖွဲ့က ဖမ်းဆီးလိုက်မိတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာ မှာရေးသားထားပါတယ်။

စနေနေ့ ညနေ(၄)နာရီခန့်မှာ  တမ်ဘွန်မဲငွန်က အမှတ်(၅)ရွာ၊ ဘန်လွမ်းအနီးမှာ စုရုံးနေကြတဲ့ အမျိုးသား (၁၉)ဦး၊ အမျိုးသမီး(၂၀)ဦးနှင့် ကလေး(၇)ဦးတို့ကို ကင်းလှည့်နေတဲ့ အဖွဲ့က တွေ့ရှိဖမ်းဆီးမိခဲ့တယ်လို့ သံချပ်ကာတပ်ရင်း(၄)တပ်ရင်းမှူး ဗိုလ်မှူးကြီး ဗီရာချိုင်းဖွန်းကောက ပြောတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

နှစ်သစ်နေ့စောစောပိုင်းမှာ သူတို့ဟာ ဖန်ခရိုင်က သဘာဝအရဖြစ်ပေါ်နေတဲ့ နယ်စပ်ပေါက်ကိုဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲ ဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။

ကနဦးစစ်ဆေးမှုများအရ သူတို့ဟာရှမ်းပြည်တောင်ပိုင်း ပင်လောင်း၊လဲချားနှင့် မိုင်းကိုင်တို့ကဖြစ်ကြတယ်လို့သိရပါတယ်။ ချင်းမိုင်နှင့် ဘန်ကောက်မှာအလုပ်လုပ်ဖို့ အလုပ်ပွဲစားတွေကို တစ်ဦးလျှင် ဘတ်ငွေ နှစ်သောင်းမှ နှစ်သောင်းခြောက်ထောင် အထိပေးခဲ့ရတယ်လို့ သူတို့ကပြောပါတယ်။

ဖန်ရဲစခန်းမှာ ဥပဒေကြောင်းအရ ဆောင်ရွက်တာတွေပြီးစီးရင် သူတို့ကို နေရပ်ပြန်ပို့မယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

Source Bangkok Post