#LocalNews

Published - 7 Dec 2021

 

မြန်မာနိုင်ငံ၏ ဒုတိယမြောက် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ(သပြေဝ) ကနေ တစ်ရက်လျှင် လျှပ်စစ်ယူနစ် ကီလိုဝပ်နာရီ (၂) သိန်းကျော်ထုတ်လုပ်နိုင်ဖို့ လျှပ်စစ်ဝန်ကြီးဌာနက စီစဥ်လျက်ရှိပြီး အဆိုပါစက်ရုံဖွင့်ပွဲကိုလည်း ယခု ဒီဇင်ဘာလ ၅ ရက် နေ့က ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

 

အဆိုပါ စက်ရုံကို မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ သပြေဝကျေးရွာအနီးတွင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး စက်တပ်ဆင်အင်အားမှာ (၃၀)မဂ္ဂါဝပ်ရှိကာ တစ်ရက်လျှင် လျှပ်စစ်ယူနစ် ကီလိုဝပ်နာရီ (၂) သိန်းကျော်ခန့်ထုတ်လုပ်ကာ ထွက်ရှိလာမည့် လျှပ်စစ် ဓာတ်အားများကို 33 KV Double Circuit Overhead Line ဖြင့် ပင်မဓာတ်အားခွဲရုံမှတဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ် ဖြန့်ဖြူးသွားမှာဖြစ်တယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရပါတယ်။

 

ယခုပြီးစီးသွားသော သပြေ၀ ဒုတိယမြောက် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းကို Clean Power Energy (CPE) Co., Ltd မှ BOO (Build Operate Own) စနစ်ဖြင့် မန္တလေးတိုင်းဒေသကြီး၊သာစည်မြို့နယ်၊ သပြေဝ ကျေးရွာအနီးတွင် တည်ဆောက်ထားခြင်းဖြစ်ပါတယ်။

 

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်မြောက် နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် ဆိုလာပါဝါစီမံကိန်း ၁၂ ခု တည်ဆောက်ရန်အတွက် ပြီးခဲ့သည့် မေလ ၂၄ ရက်က တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်ပြီး စီမံကိန်းများကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီအနေဖြင့် အနှစ် ၂၀ သက်တမ်း လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ကာ စီမံကိန်းတစ်ခုလျှင် အမေရိကန်ဒေါ်လာ သန်း ၂၀ မှ ၃၀ ကျော်အထိ ရင်းနှီးမြှုပ်နှံရမည်ဖြစ်ကြောင်း သိရပါတယ်။

 

ဒါ့အပြင် မြန်မာနိုင်ငံ၏ ပထမဆုံးသော နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကိုလည်း GEP Myanmar Co., Ltd ကုမ္ပဏီက မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်တွင် တည်ဆောက်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇွန်လ ၂၈ ရက်က ပထမအဆင့် ထုတ်လွှတ်မည့် ၄၀ မဂ္ဂါဝပ်ကို ဖွင့်လှစ်ခဲ့ကာ မန္တလေး-အမ်း မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်ပို့လွှတ်ပေးလျက်ရှိတယ်လို့ ဆိုပါတယ်။

 

နိုင်ငံအတွင်း အိမ်ထောင်စုပေါင်း ၁၀ ဒသမ ၉ သန်းကျော်ရှိသည့်အနက် အိမ်ထောင်စု ၆ ဒသမ ၆ သန်းခန့်ကို နိုင်ငံတော်ဓာတ်အားစနစ်မှ မီးပေးနိုင်ပြီးဖြစ်၍ အိမ်ထောင်စု စုစုပေါင်း၏ ၆၁ ရာခိုင်နှုန်းကို ဓာတ်အားဖြန့်ဖြူးပေးခဲ့ပြီး ဖြစ်ကာ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ရာခိုင်နှုန်းပြည့် လျှပ်စစ်မီးသုံးစွဲနိုင်ရန် ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရပါတယ်။

#Yangon_Media_Group